By Development Media Group (DMG)/ 2021 May 19
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ မီးလောင်ကျွမ်းရာတွင် ပါသွားသည့် ကြက်ဥဝကျေးရွာရှိ နေအိမ်များကို ပြန်လည်ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် နေအိမ် ၃၃ လုံးခန့် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။
အဆိုပါ နေအိမ်များကို ကျေးလက်ဦးစီးဌာနနှင့် န-တ-လတို့မှ တည်ဆောက်ပေးနေခြင်းဖြစ်ပြီး နေအိမ်များမှာ အလျား ၁၈ ပေ၊ အနံ ၁၈ ပေ၊ သွပ်မိုး သွပ်ကာအိမ်များဖြစ်ကာ လက်ရှိတွင် လူနေအိမ် ၃၃ လုံးကို တည်ဆောက်ပြီးဖြစ်ကြောင်း ကြက်ဥဝကျေးရွာသားများက ပြောဆိုကြသည်။
“နတလနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့က ဆောက်လုပ်ပေးနေတာပါ။ အခုအိမ်ဆောက်ပေးတာက ၁၈ ပေ ပတ်လည်ဆောက်ပေးတာပါ။ အလျား ၁၈ ပေ၊ အနံ ၁၈ ပေ အမြင့်ကတော့ အောက်ကဆိုရင် ၁ ပေခွဲလောက်နဲ့ အပေါ်မှာဆိုရင် ၉ ပေခွဲပါ။ အခုက အမိုးမိုးပြီးရုံလောက်ပဲရှိတာ။ အခင်းမခင်းရသေးတဲ့ အိမ်တွေလည်း ရှိသေးတယ်။ သစ်သားနဲ့ဆောက်လုပ်ထားတဲ့ အိမ်ဆိုပေမဲ့ သစ်က အရမ်းညံ့လွန်းတယ်” ဟု ကြက်ဥကျေးရွာသား ဦးစံကျော်ကပြောသည်။
ယင်းကျေးရွာတွင် အိမ်ခြေ ၅၂ လုံး ရှိပြီး ရွာသားများ စစ်ဘေးရှောင်နေစဉ် မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်။ လက်ရှိတွင် န-တ-လဌာနမှ နေအိမ် ၁၈ လုံးနှင့် ကျေးလက်ဦးစီးဌာနမှ ၂၇ လုံးဆောက်လုပ်ပေးမည် ဖြစ်ပြီး ကျန်နေအိမ်များကို မည်သည့်အချိန်တွင်ပြန်လည်ဆောက်လုပ်ပေးမည်ကို မသိရေသေးကြောင်း ကျေးရွာသားများကပြောသည်။
ယခုဆောက်လုပ်နေသည့် နေအိမ်များမှာ ပျဉ်ကြမ်းများဖြင့် ဆောက်လုပ်ပေးထားသည့်အတွက် ယခုနှစ်မိုးရာသီအတွင်း ပြန်လည် ပျက်စီးနိုင်ကြောင်းလည်း ကြက်ဥဝဒေသခံ ကိုမောင်မြင့်ဦးကပြောသည်။
“အိမ်ဆောက်လို့တောင် မပြီးသေးဘူး သစ်တွေမှာ အကုန်လုံး ပိုးကျနေပြီ။ သစ်တွေက အကုန်လုံးတာရှည်ခံမှာ မဟုတ်ဘူး။ နေရင်းနေရင်းနဲ့အခင်းတွေ ကျိုးကျပြီး မြေကို ရောက်သွားနိုင်တယ်။ ကျနော်တို့ပြောချင်တာက အိမ်တွေ ဆောက်လုပ်ပေးတယ် ဆိုရင်လည်း ကြာရှည်ခံနေလို့ရအောင် ဒေသထွက်သစ်တွေနဲ့ ဆောက်ပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါနေအိမ်များကို ဆောက်လုပ်နေသည့် Royal Chin Star ကုမ္မဏီအနေ ဖြင့်လက်ရှိဆောက်လုပ်နေသည့် နေအိမ်များကို ၂ နှစ်အာမာခံဖြင့် မေလအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္မဏီမှ Managing Director ကိုနေလင်းကျော် က ပြောသည်။
“ကျနော်တို့ကို အစိုးရက တင်ဒါခေါ်တယ်။ တင်ဒါအောင်လို့ ကျနော်တို့ကုမ္မဏီက နေအိမ် ၁၈ လုံးရတယ်။ ကျနော်တို့ကုမ္မဏီက ၂ နှစ်အာဏာမခံနဲ့ ဆောက်လုပ်ပေးတာ။ ၂ နှစ်ကာလအတွင်းမှာ အရည်အသွေးမမီလို့ ပျက်စီးသွားတယ်ဆိုရင် ပြန်လျော်ပေးမယ်။ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးသွားရင်တော့ ကျနော်တို့အပိုင်းမဟုတ်ပါဘူး။ အခု ၇၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ။ ဒီလအတွင်း အပြီးဆောက်လုပ်ပေးမှာပါ” ဟု သူက ဆိုသည်။
ဒေသခံများမှာ မိမိကျေးရွာအတွင်းနေအိမ်များ ဆောက်လုပ်ပေးထားသော်လည်း ၎င်းတို့ကျေးရွာအနီးနှင့် တောတောင်များတွင် မှိုင်းရှင်းလင်းရေး မလုပ်ပေးသည့်အတွက် ယခုနှစ်မိုးရာသီတွင် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရန် စိုးရိမ်နေကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။
ထို့ကြောင့် မိမိနေအိမ်များကို ပြန်သွားသည့်အခါ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အစိုးရမှ စားဝတ်နေရေးအဆင်ပြေရန် ကူညီထောက်ပံ့ပေးရန်လို အပ်သည်ဟုလည်း ဒေသခံများကပြော ဆိုကြသည်။
ကြက်ဉဝကျေးရွာသည် နယ်မြေမငြိမ်သက်ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလ ၂၀၂၀ ခုနှစ် ဧပြီ ၁၈ ရက်နေ့တွင် ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားခြင်း ဖြစ်သည်။
ပလက်ဝမြို့နယ်တွင် တိုက်ပွဲကာလအတွင်း မီးလောင်သွားသည့် ကျေးရွာများမှာ ကြက်ဥဝကျေးရွာ အပါအဝင် မီးလက်ဝအောက်ရွာ၊ သမန်းသားကျေးရွာ၊ သိမ်းသင်းကျေးရွာ၊ မောင်မောင်ရွာ၊ ဝက်မကျေးရွာ၊ ပြိုင်းတိုင်းကျေးရွာ၊ လိပ်ခေါင်းကျေးရွာ၊ စက်ပူးတောင်ကျေးရွာ၊ မိစ္ဆာကျေးရွာ စသည်တို့၌ လူနေအိမ်များ မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောဆိုကြသည်။
https://www.facebook.com/dmgnewsagency/posts/2017468008405600