By Development Media Group (DMG)/ 2021 May 15

သုံးနှစ်ကြာ ရပ်နားထားခဲ့ရသော ရမ္မာဝတီရိုးရာလှေလှော်ပြိုင်ပွဲကို ယခုနှစ်အတွင်း ပြန်လည်ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီက DMG ကို ပြောသည်။
ရမ်းဗြဲမြို့နယ်တွင် ယခင်ကနေ နှစ်စဉ်နှစ်တိုင်း လှေလှော်ပြိုင်ပွဲကို ရိုးရာအစဉ်အလာမပျက် ကျင်းပလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုမှစတင်ကာ အကြောင်းအမျိုးမျိုး ရပ်နားထားခဲ့ရသည်ဟု ပွဲကျင်းပရေး ဗဟိုကော်မတီဝင် ဦးထွန်းနိုင်ကပြောသည်။
ယခုနှစ်ကျင်းပမည့် လှေလှော်ပြိုင်ပွဲကို မေလ ၂၇ ရက်မှ ၃၀ ရက်နေ့ အထိ ၃ ရက်တိုင်တိုင် ကျင်းပရန် စီစဉ်ထားကြောင်းဟု ဦးထွန်းနိုင်က ပြောဆိုသည်။
“အခုလာမည့် မေလ ၂၇ ရက်နေ့ကပင် ၃၀ ရက်နေ့ထိ ပြုလုပ်မှာပါ။ ၂၀၁၇ ခုနှစ်ကပင် ၂၀၂၀ ထိ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး။ ယခုနှစ်မှာကတော့ ရိုးရာမပျောက်ဖို့ ပြန်လည်ပြီးလုပ်တာပေါ့။ နေရာကတော့ ရမ်းဗြဲမြို့လယ်က တန်းချောင်းမှာ လုပ်မှာပါဟု” ပြောဆိုသည်။
ယခင်ကကျင်းပခဲ့သည့် လှေလှော်ပြိုင်ပွဲများတွင် ရမ်းဗြဲမြို့နယ်တစ်ခုတည်းမှ လှေ ၁၇ စီးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်နှစ်များတွင် ရခိုင်တစ်ပြည်နယ်လုံးမှ လှေလှော်ဝါသနာရှင်များကို ဖိတ်ခေါ်နိုင်ရန် ဆောင်ရွက်ထားသည်ဟုလည်း ဦးထွန်းနိုင်ကပြောသည်။
“ဒီနှစ်ကတော့ ရမ်းဗြဲ တစ်မြို့နယ်တည်းကို ပဲလက်ခံ သွားဖို့ရှိတယ်။ နောက်နှစ်မှာတော့ တစ်ခြားမြို့နယ်တွေကိုပါ ဖိတ်ခေါ်ဖို့ရှိတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ လက်ရှိမှာ ငွေကြေးကလဲ အခက်အခဲ ရှိနေတယ်။ ပံ့ပို့မှုလိုတာပေါ့။ အဲဒီလိုဆိုရင်တော့ သေချာလုပ်ဆောင်နိုင်မှာ ဖြစ်တယ်”ဟု လည်း သူက ထပ်မံပြောဆိုသည်။
ရမ်းဗြဲမြို့တွင် ရိုးရာလှေလှော်ပြိုင်ပွဲကို မြောက်ဦးခေတ်ကနေ အစဉ်အလာမပျက်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲကိုမကျင်းပနိုင်တော့ဘဲ ၁၉၄၈ ခုနှစ်စတင်ကာ ပြန်လည်ကျင်းပလာခဲ့ရာ ၂၀၀၇ မှာ တစ်ကြိမ်ရပ်တန့်ခဲ့ရသည်။
ယင်းအပြင် ၂၀၁၅ ခုနှစ်မှ စတင်ကာ လှေလှော်ပြိုင်ပွဲကို ပြန်လည်ကျင်းပလာခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ပြန်လည်ရပ်နားခဲ့ပြီး ယခုတဖန်ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်းလည်း လှေပြိုင်ပွဲကော်မတီဝင် များကပြောဆိုကြသည်။
လှေလှော်ပြိုင်ပွဲအတွက် ဆုကြေးငွေများကို မသတ်မှတ်ရသေးသော်လည်း လှေလှော်ပြိုင်ပွဲကျင်းပနိုင်ရန်အတွက် ငွေကျပ်သိန်း ၃၀၀ ထိ ကုန်ကျနိုင်သည်ဟု ခန်မှန်းထားကြောင်း ပြောသည်။
https://www.facebook.com/dmgnewsagency/posts/2014138382071896