By Narinjara/ 2021 May 15
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ရမ္မာဝတီရိုးရာလှီပြိုင်ပွဲ ( လှေပြိုင်ပွဲ) ကို လာမည့် မေလ ၂၇ ရက်နေ့မှ ၃ဝ ရက်နေ့အထိ မြို့တွင်းထဲရှိ တန်းချောင်းထဲတွင် စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရမ္မာဝတီရိုးရားလှီလှေပြိုင်ပွဲတွင် လှေပြိုင်ပွဲအပြင် ရခိုင်ရိုးရာ ပဒေသာကပွဲနှင့် ရခိုင်ရိုးရာကျင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုသော်ဇင်ထွန်းက ပြောသည်။
“ ကျွန်တော်တို့လူငယ်တွေနဲ့ မြို့မိ၊မြို့ဖတွေပူးပေါင်းပြီးလုပ်မှာပါ။ ဒီလှေပြိုင်ပွဲလုပ်ရတဲ့ အကြောင်းအရင်းက အရင်တုန်းက ကျွန်တော်တို့ ရခိုင်ဘုရင်ရေတပ်တော်အတွက် စစ်သားကောင်းတွေ မွေးထုတ်ပေးတဲ့ အနေနဲ့လည်း လုပ်ခဲ့ကြတာလေ။ ရမ်းဗြဲမြို့ရဲ့ သင်္ဂေတတစ်ခုလိုပါပဲ။ ကျွန်တော်တို့ရဲ့ ရိုးရာအစဉ်အလာကို ပြန်ဖော်ထုတ်နိုင်တဲ့ အတွက် ကျွန်တော်တို့ ရမ်းဗြဲမြို့၊ သူမြို့သားတွေအတွက်လည်း ဝမ်းသာမိပါတယ်” ဟုပြောသည်။
အဆိုပါလှီ(လှေ)ပြိုင်ပွဲကို မြန်မာသက္ကရာဇ် ၉ဝ၅ ( ခရစ်သက္ကရာ်ဇ် ၁၅၄၄) ခုခန့်မှစ၍ ကျင်းပခဲ့ကြခြင်းကာ နောက်ပိုင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂ဝ၁၇ ခုနစ်က နောက်ဆုံးအကြိမ်ကျင်းပခဲ့ကြောင်း သူကပြောသည်။
“ ပွဲလုပ်ရင် ငွေကုန်ကြေးကျများတာရှိတဲ့အတွက် ကျွန်တော်တို့ နှစ်စဉ်တိုင်း မကျင်းပ နိုင်ခဲ့ကြဘူး။ သုံးလေးနှစ်တစ်ကြိမ်ကျင်းပခဲ့ကြတယ်။ ကျွန်တော်တို့မြို့ကို အနားပေးတဲ့ သဘောပေါ့။ ဒီနှစ်ကတော့ ပွဲကျင်းပဖြစ်အောင်ကြိုးစားနေကြပါတယ်” ဟုပြောသည်။
၄င်းရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲကျင်းပခြင်းအား မြို့ခံတစ်ဦးအနေဖြင့် အထူးဝမ်းသာ ကြိုဆိုကြောင်း ရမ်းဗြဲမြို့မှ စာရေးဆရာကိုယ်ရမ္မာ ပြောသည်။
“ ရမ်းဗြဲသားတွေအတွက် အပျော်ရွှင်ဆုံးပွဲပဲ။ ကောင်းပါတယ်။ ရိုးရာအစဉ်အလာကို ဆက်ပြီး ထိန်းသိမ်းနို်င်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုရမယ်။ အရင်ကတော့ ရွာတစ်ရွာလှေ တစ်စီးထွက်ပြိုင်ခဲ့ကြတဲ့ပွဲပါ” ဟုပြောသည်။
အဆိုပါလှီ(လှေ)ပြိုင်ပွဲတွင် ရမ်းဗြဲမြို့နယ်တစ်ခုလုံးမှသာမက အနီးအနားမြို့နယ်များက ပြည်သူများပါ ပါဝင်ဆင်နွှဲခဲ့ ကြသဖြင့် ရမ်းဗြဲမြို့ လှီပြိုင်ပွဲမှာ အထူးစည်ကားကြောင်း သူကဆက်ပြောသည်။
ရမ်းဗြဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ကျေးရွာပေါင်း (၂၁ဝ)ခန့်ရှိကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4318687924809918