ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပု၏သမီးမမိုးဆန်းစုကြည်နှင့် ရခိုင်NLD ဒုဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် လေးဦးဖမ်းဆီးခံရ

By Narinjara/ 2021 May 10

ချစ်အိလှိုင်၊ ဆောင်းဇာခြည်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မမိုးဆန်းစုကြည်နှင့် ရခိုင်ပြည်နယ် NLD ဒု-ဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် လေးဦး အဖမ်းခံရကြောင်း တောင်ကုတ်မြို့နယ် NLD မှတာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

သူတို့ လေးဦးစလုံးမှာ ရန်ကုန်မြို့တွင် နေထိုင်စဉ် တပ်မတော်သားအချို့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစိုးလေးအပါအဝင် သုံးဦးမှာ မေလ ၈ ရက်နေ့က ဖမ်းဆီးခံရပြီး မမိုးဆန်းစုကြည်မှာ ယမန်နေ့ မေလ ၉ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ပြောဆိုသည်။

“ ည ၉ နာရီခန့်မှာ ရန်ကုန်မြို့၊ လှည်းတန်းမြို့နယ် နေအိမ်ကနေ မမိုးဆန်းစုကြည်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ဦးစိုးလေးနဲ့အတူ သုံးယောက်က မေလ ၈ ရက်နေ့ အဖမ်းခံရတာ။ မမိုးဆန်းစုကြည်က နောက်တစ်ရက် အဖမ်းခံရတာ။ ဖမ်းတဲ့နေ့မတူဘူး။ ဦးစိုးလေးတို့ကိုဖမ်းတဲ့အခါ မိုးဆန်းစုကြည်နေတဲ့နေရာကို နည်းနည်းရိပ်မိသွားတာဖြစ်မယ်ပေါ့။ ဦးစိုးလေးတို့ကတော့ ရန်ကုန်က NLD ရုံးချုပ်မှာ အဖမ်းခံရတာ” ဟု ၎င်းက ပြောသည်။

ဦးစိုးလေးနှင့်အတူ ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်၏ မောင်ဖြစ်သူ မောင်ဟိန်းမြင့်ထက်နှင့် ဦးဘမျိုးသိန်းတို့ဖြစ်ပြီး မေလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ဗဟိုဌာနချုပ်ရုံးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ သူနဲ့အတူ အဖမ်းခံရတဲ့ အထဲက ဦးဘမျိုးသိန်းဟာ ရခိုင်ကမဟုတ်ပါဘူး။ သူလည်း လွှတ်တော်အမတ်တစ်ယောက်ပါ။  ဖမ်းဆီးပြီးနောက် ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

https://www.facebook.com/narinjara.info/posts/4301972979814746

Leave a Reply

Your email address will not be published.