By Western News/ 2021 May 10

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် ၁ သိန်းကျော်ခန့်မှာ နေရပ်ပြန်နိုင်ရန်အလားအလာမရှိသေးကြောင်း စစ်ရှောင်စခန်းရှိစစ်ဘေးရှောင်များက ပြောသည်။
ယခုအခြေအနေအရတိုက်ပွဲဖြစ်ပွားမှုများမရှိတော့သော်လည်း ရပ်ရွာအနီးတပ်စွဲထားမှုများမှာရှိနေသေးခြင်း ကြောင့်တိုက်ပွဲ ပြန်ဖြစ်နိုင်ခြေကိုစိုးရိမ်ပြီး နေရပ်မပြန်ဖြစ်ကြသေးဘဲ ယခင်ဖြစ်ပွားခဲ့သောအရာမျာကြောင့်လည်းစိတ်ထဲ၌ စိုးရိမ်စိတ်များ လွှမ်းမိုးနေသေးကြောင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်နိုင်မည့် အလားအလာမရှိသေးကြောင်း တိန်ညိုစစ်ဘေးရှောင် စခန်းတွင်နေထိုင်သည့် ဦးလပြည့်အောင်ကဆိုသည်။
“အခုအခြေအနေအရ တိုက်ပွဲတွေမဖြစ်တော့ဘူးဆိုပေမယ့် ရွာအနီးအနားတွေမှာစခန်းတွေချထားတုန်းပဲ။ ဒါကြောင့်အရင်လို တိုက်ပွဲပြန်ဖြစ်လာရင်ဆိုတဲ့စိုးရိမ်စိတ်ကြောင့်ပဲ ကျွန်တော်တို့စစ်ဘေးရှောင်တွေအနေနဲ့နေရပ် မပြန်နိုင်ကြသေးတာပါ။ ဖြစ်နိုင်မယ်ဆိုရင် တပ်စခန်းတွေကိုမူလနေရာတွေမှာပဲပြန်နေပေးဖို့ပြောချင်ပါတယ်” ဟုပြောသည်။
အဆိုပါတိန်ညိုစစ်ဘေးရှောင်စခန်းတွင်လူဦးရေ သုံးထောင်ကျော်ရှိကာ ရပ်ရွာ ၁၂ ရွာမှလာရောက်ခိုလှုံနေကြခြင်း ဖြစ်ပြီး ထိုအထဲတွင် အောက်သားကန်၊ လက္ကာ၊ ဘူးရွက်မညိုး၊ ပေါက်ပင်ကွင်း၊ ဂူလိုင်၊ ပြိုင်းတောင်၊ ဝေသာလီ စသည့်ကျေးရွာများမှ လာရောက်ခိုလှုံသူ အများဆုံးဖြစ်သည်။
စစ်ရှောင်စခန်းတွင်နေထိုင်ရသည်မှာ စားဝတ်နေရေးမှစ၍ အစစအရာရာအဆင်မပြေမှုများရှိနေကြောင်း သို့ဖြစ်၍ မိမိနေရပ်တွင်သာ ပြန်လည်နေထိုင်လိုပြီး နေရပ်ပြန်ရေးစီစဉ်မှုများရှိခဲ့သော်လည်း ရပ်ရွာအနီးတပ်စခန်းများရှိနေ သေးခြင်းကြောင်းတစ်ကြောင်း စစ်ကျန်လက်နက်များမကြာခဏပေါက်ကွဲမှုဖြစ်ပွားနေခြင်းကြောင့်လည်းကောင်း နေရပ်ပြန်ရေးမှာ နှောင်းနှေးနေရကြောင်း ပုဏ္ဏားကျွန်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဦးကျော်သန်းကဆို သည်။
“စစ်ဘေးရှောင်စခန်းမှာနေရတာကတော့ အစစအရာရာအဆင်မပြေမှုတွေရှိတာပါပဲ။ ဖြစ်နိုင်ရင်ကိုယ့်ရပ်ရွာမှာပဲ ပြန်နေချင်ပါတယ်။ ကျွန်တော်တို့ ၃ လပိုင်းလောက်က နေရပ်ပြန်ဖို့စီစဉ်ခဲ့ကြသေးတယ်။ ဒါပေမယ့် ရွာအနားမှာ တပ်ချထားတာတွေရှိနေသေးတာရယ် မကြာခဏလက်နက်တွေပေါက်ကွဲမှုဖြစ်တာတွေကြောင့် မပြန်ဖြစ်ခဲ့ကြပါ ဘူး” ဟုသူကပြောသည်။
ယခင်စစ်ပွဲကာလ စစ်ဘေးရှောင်အရေအတွက်၏ သုံးပုံနှစ်ပုံနှစ်ပုံခန့်မှာ နေရပ်မပြန်နိုင်ဘဲကျန်ရှိနေသေးပြီး ၎င်းတို့အတွက်လုံခြုံမှု အပြည့်အဝမရှိသေးသောအခြေအနေမျိုးဖြစ်၍မပြန်နိုင် ဖြစ်နေခြင်းဟု ဝံလက်ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုသည်။
“နေရပ်မပြန်သေးတဲ့စစ်ဘေးရှောင်အရေအတွက်က သုံးပုံနှစ်ပုံလောက်ကျန်သေးတယ်လို့ပြောရမယ်။ လောဆယ်မှာတော့ သူတို့ကိုထောက်ပံ့တဲ့သူတွေရှိနေသေးတယ်။ ရေရှည်မှာစားဝတ်နေရေးအခက်အခဲဖြစ်လာရင် လည်း သူတို့အတွက်လုံခြုံရေး အပြည့်အဝမရှိသေးတဲ့အတွက် နေရပ်ပြန်နိုင်ကြမှာမဟုတ်ပါဘူး။ ငတ်ရင်လည်း ငတ်တဲ့အတိုင်းရုန်းကန်ပြီးနေကြမှာပါပဲ” ဟုဆိုသည်။
နေရပ်သို့ပြန်သွားသောစစ်ဘေးရှောင်များတစ်ချို့မှာလည်း အခြေအနေအရပြန်သွားခြင်းဖြစ်ပြီး ရပ်ရွာတွင်နေထိုင် ရန်အဆင်မပြေ၍ စခန်းသို့ပြန်လာနေသူများလည်းရှိကြောင်းဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နှင့်ချင်းပြည်နယ်ပလက်ဝတို့တွင် တပ်မတော်နှင့် AA တို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင်လူဦးရေမှာ ၂၄၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ယခုအခြေအနေအရတိုက်ပွဲများရပ်တန့်နေသော်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်အရေအတွက် ၁၈၀,၀၀၀ ကျော်ခန့်ရှိသေးကြောင်း သိရသည်။
https://www.facebook.com/westernnewsagency/posts/287413049731873