ရခိုင်မှ သတင်းထောက် ၂ ဦးကို တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲ၊ ဖမ်းဝရမ်းထုတ်ခံထားရ

By Western News/ 2021 May 11

ရခိုင်ပြည်နယ်၊ အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Development Media Group မှ အယ်ဒီတာတစ်ဦးနှင့် သတင်းထောက် အမျိုးသမီး တစ်ဦးကို တပ်မတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထပ်မံတရားစွဲ ဆိုခြင်းခံလိုက်ရသည်ဟု DMG သတင်းဌာနမှ တာဝန်ရှိသူကပြောသည်။

၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသူများမှာ DMGသတင်းဌာနမှ ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် အမျိုးသမီး သတင်းထောက်တစ်ဦးဖြစ်သည့် မနှင်းနွယ်တို့ဖြစ်ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ၎င်းတို့ ၂ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စစ်တွေမြို့ အမှတ် ၂ ရဲစခန်းတွင် ဗိုလ်မှုးဘုန်းမြင့်ကျော်ကတရားစွဲဆိုခဲ့သည်။ ယင်းအပြင် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တပ်မတော်ကို အကြည်အညိုပျက်စေမှုပုဒ်မဖြင့် ဗိုလ်မှုးဘုန်းမြင့်ကျော်က စစ်တွေမြို့နယ်တရားရုံးတွင် ထပ်မံဦးတိုက်လျောက် ထားခဲ့သည်။

အဆိုပါတရားရုံးကို ဦးတိုက်လျောက်ထားသည်ကို တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်ပြီး ရဲစခန်းမှတစ်ဆင့် တရားရင်ဆိုင်ရန်အတွက် ယနေ့ မေလ ၁၁ ရက်တွင် မြို့နယ်တရားရုံးသို့ လာရောက်ရန်ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်ဟု DMGသတင်းဌာနမှ Operation Mannager ကိုဇော်ဇာ်ကပြောသည်။

“ ပထမကတော့ သတင်းထောက်နှစ်ယောက်ကို တပ်မတော်က ၆၆(ဃ)နဲ့တရားစွဲတာ။ အဲဒါကို ကျွန်တော်တို့က တစ်ယောက်ကို ၁၅ သိန်းနဲ့ အာမခံယူထားတယ်။ တရားရင်ဆိုင်ဖို့လည်း ဆုံးဖြတ်ထားတယ်။ နောက်တော့ တရားရုံးကို ဦးတိုက်လျောက်ထားတဲ့ အမှု ၅၀၅(က)ဆိုပြီးတော့ တရားရုံးကို ဒီကနေ့ဆင့်ခေါ်တာ။ ရဲစခန်းကတစ် ဆင့် တရားရင်ဆိုင်ဖို့ဆိုပြီးတော့ဆင့်ခေါ်တာ”ဟု ပြောသည်။

ယခုလိုတရားရုံးကဆင့်ခေါ်ခြင်းမှာ မိမိတို့သတင်းထောက် ၂ ဦးအား ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီး၍မရသည့် အတွက် တရားရုံးသို့ လာရောက် တရားရင်ဆိုင်ရန်ဆင့်ခေါ်ခြင်းဖြစ်သည်ဟု ကိုဇော်ဇော်ကပြောသည်။

“ ကျွန်တော်တို့သိရသလောက်တော့ ဒီ ၅၀၅(က)အမှုက ဖမ်းဝရမ်းထုတ်ထားတဲ့အမှုလို့သိရတယ်။ တရားခံကို ဖမ်းလို့ရလို့ အခုလိုတရားရုံးကဆင့်ခေါ်တာလို့သိရတယ်”ဟု ပြောသည်။

ယင်းအပြင် သတင်းသမား ၂ ဦးကို တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခြင်းမှာ တပ်မတော် အနေဖြင့် လူငယ်သတင်းသမားများကိုကြိမ်းခြောက်ရာရောက်သည့်အပြင် အလွန်တရာမှလည်းရုပ်ဆိုးသည်ဟု ကိုဇော်ဇော်ကပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွှာမှ စပါးတောင် (၇၀၀) ကိုတပ်မတော်က ယူဆောင်သွားသည့် သတင်းကို ကျေးရွှာသားများပြောဆိုချက်ကိုးကား၍ DMG သတင်းဌာနက သတင်းဖော်ပြခဲ့ခြင်းကြောင့် ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို စစ်တွေမြို့အမှတ် ၂ နယ်မြေရဲစခန်းတွင် အမှုဖွင့်ခံရခဲ့ခြင်း ဖြစ်သည်။

အလားတူ DMG သတင်းဌာန၏ မောင်တော‌ဒေသ သတင်းထောက် ကိုအောင်ကျော်မင်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့က DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း သတင်းတပ်ဖွဲ့ (SB) ကတရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ယင်းအပြင် DMG သတင်းဌာန၏ အင်တာနက် ဝက်ဆိုက်ကိုလည်း ပြီးခဲ့သည့် ၂၀၂၀ မတ်လ ၂၄ ရက်နေ့ကစ၍ မိုဘိုင်းဖုန်းဒေတာဖြင့် ကြည့်ရှုခွင့်ကို အစိုးရက ယနေ့အချိန်ထိ ပိတ်ပင်ထားသည်။

https://www.facebook.com/westernnewsagency/posts/288024573004054

Leave a Reply

Your email address will not be published.