By Western News/ 2021 May 13
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၅ မြို့နယ်၌ ဒီရေတောများပျက်စီးမှုများပြားလာခြင်းကြောင့် ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထဖြင့် ဒီရေပင်များကိုစိုက်ပျိုးလျှက်ရှိသည်ဟု ဒီရေပင်များစိုက်ပျိုးရာတွင် ကူညီပေးနေသည့် အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။
ဒီရေပင်များစိုက်ပျိုးရန်လျာထားသည့် ၅ မြို့နယ်မှာ အမ်း၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ တောင်ကုတ် မြို့ နယ်တို့ဖြစ်ပြီးလက်ရှိတွင် ဒီရေပင် ၁ သိန်းကျော်ကို အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့၌ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကိုမျိုးလွင်ကပြောသည်။
အဆိုပါ ဒီရေပင်များကို မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်အတွင်းရှိ မြစ်၊ ချောင်း၊ ပင်လယ် ကမ်းရိုးတမ်း တစ်လျှောက်၌ ပျက်စီးသွားသည့် ဒီရေတောများနေရာတွင် အစားထိုးကာဓနိပင်၊ လင်းပိုက်ပင်၊ ပြူးပင်၊ ပြာပင်နှင့် သစ်တလုံးပင် ၁ သိန်းကျော်ကို ယခုနှစ်ဧပြီ လလယ်မှ စတင်ကာ မေလ ၁၂ ရက်နေ့အထိ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ကိုမျိုးလွင်ကပြောသည်။
“ ကျွန်တော်တို့က ဒီရေပင်တွေကို မြို့နယ် ၅ မြို့နယ်မှာစိုက်ပျိုးဖို့လျာထားတယ်။ ဒီနှစ်မှာတော့ အမ်းနဲ့ မြေပုံ မြို့နယ်နှစ်ခုမှာပဲ စိုက်ပျိုးနေတယ်။ အခုတော့ ဒီရေပင်တစ်သိန်းကျော်စိုက်လို့ပြီးပြီဖြစ်တယ်။ နောက်ထပ်လည်း အပင်တစ်သိန်းကျော်ကိုထပ်မံ စိုက်ပျိုးဖို့လုပ်နေတယ်”ဟု ပြောသည်။
စီးပွားရေးလုပ်ငန်းရှင်အချို့က သားငါး၊ ပုစွန်မွေးမြူရန်အတွက် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းမှုများရှိသဖြင့် ရေလုပ်သားအချို့မှာ အလုပ်အကိုင်အခွင့်အလမ်းများပျောက်ကွယ်မသွားစေရန် အဆိုပါ ဒီရေပင်များကိုစိုက်ပျိုးရခြင်းဖြစ်သည်ဟု ကိုမျိုးလွင် က Western News သို့ပြောသည်။
“စီးပွားရေး လုပ်ငန်းရှင်တချို့က ငါး၊ ပုစွန်တွေ မွေးမြူဖို့အတွက် ကမ်းခြေမှာ ပေါက်နေတဲ့ အပင်တွေကို ခုတ် ထွင်ပစ်ကြတာတွေ ရှိနေတော့ သစ်တောပြန်းတီးမှု တွေဖြစ်လာတယ်။ နောက်ပြီးတော့ ဒေသခံရေ လုပ်သားတွေ ရဲ့ အလုပ် အကိုင်အခွင့်အလန်းတွေ ပျောက်ကွယ်သွားမှာစိုးရိမ်ရတယ်။ ဒါတွေကိုပြန်လည် ထိန်းသိမ်းပေးဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဒီရေသစ်ပင်တွေကို ပြန်ပြီးစိုက်ပျိုးကြတာပါ “ ဟုပြောသည်။
ယင်းအပြင် မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ကားလမ်းမကြီးတစ်လျောက်တွင် ခရီသွားများအနေဖြင့် အရိပ်ခိုလှုံ နိုင်စေရန် နှစ်တာရှည်ခံသည့် ကုက္ကိုပင်နှင့် သဝင်ပင် ၁ သောင်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်းလည်း ကို မျိုးလွင်ကပြောသည်။
ယခင်နှစ်က စိုက်ပျိုးခဲ့သည့် ဒီရေပင် ၂ သိန်းကျော်တွင် အပင်ပျက်စီးမှုအနည်းငယ်ရှိသော်လည်း ဧကပေါင်း ၂ သောင်းကျော်ထိ ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/289357766204068