By Western News/ 2021 May 11

စစ်ကျွန်ပညာရေးစနစ်အားဆန့်ကျင်သည့်အနေဖြင့် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု( Civil Disobedience Movement) တွင် ကျောင်းမတက်ခြင်းဖြင့်ပါဝင်ကြရန် ရခိုင်ပြည်နယ်အတွင်းမှ ချင်းတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအဖွဲ့ (CUSR)က တိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်ကို မေလ ၉ ရက်နေ့ထုတ်ပြန်ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်နှင့်ပတ်သတ်၍ CUSR ဥက္ကဌ ခိုင်မေဇင်သန်းအား ဆက်သွယ်ရာတွင် CDM ပြုလုပ်ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်းသာ ဖြစ်ပြီး မည်သည့်စနစ်တွင်မဆိုကျောင်းတက်၊ မတက်ကိုကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိကြောင်း Western News ကိုပြောသည်။
“အဓိကတော့ တက္ကသိုလ်ကျောင်းသားတွေကို တိုက်တွန်းနှိုးဆော်တဲ့ပုံစံမျိုးပေါ့။ ကျွမတို့ကတော့ မတက်ဖို့ကိုတော့တိုက်တွန်း ထားတယ်။ ဒါပေမယ့်လည်းလူတိုင်းမှာ Individual Right ဆိုတာရှိတယ်။ ကိုယ်တက်ချင်တယ်ဆိုလို့ရှိရင် ဘယ်စနစ်မှာမဆို လက်လှမ်းမှီချင်တယ်ဆိုလို့ရှိရင် ကိုယ့်ဟာကိုယ်ရွေးချယ်ပိုင်ခွင့်ရှိတယ်”ဟုပြောသည်။
နိုင်ငံတော်ကောင်စီမှလည်း မေလ ၅ ရက်နေ့ကတည်းက မြန်မာတစ်နိုင်ငံလုံးမှ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များကိုဖွင့်လှစ်ထားပြီး နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသားများနှင့်မဟာတန်း ကျောင်းသူ၊ ကျောင်းသားများကို သင်ကြားမည်ဟုထုတ်ပြန်ထားသည်။
ကျောင်းများစတင်ဖွင့်လှစ်ပြီးနောက် ရခိုင်မှ စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်တက္ကသိုလ်တို့တွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူအများစုမှာ တက်ရောက်သင်ကြားမှုရှိနေသော်လည်း ၎င်းတက္ကသိုလ်နှစ်ခုမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ကထိကများအပါအဝင် ဆရာ၊ ဆရာမ ၈၇ ဦးတို့မှာ ကျောင်းတက်ရန်ပျက်ကွက်သည့်အတွက် တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံ ထားရသည်။
https://www.facebook.com/westernnewsagency/posts/288115749661603