By Western News/ 2021 May 17
ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှ ကျောင်းသား ၄ ဦးအား ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေများလာရောက်ခြင်းမရှိသောကြောင့် လာမည့် မေလ ၃၁ ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုလိုက်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသောရှေ့နေ ကပြောသည်။
အဆိုပါ ကျောင်းသာ ၄ ဦး၏ အမှုတွင် တရားလိုကိုစစ်ဆေးပြီဖြစ်သော်လည်း လိုပြသက်သေများမှာ နယ်ကိုပြောင်းရွှေ့သွား သောကြောင့် မေလ ၃၁ ရက်နေ့ ရုံးချိန်း ထပ်မံချိန်းဆိုလိုက်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျော်ညွှန်မောင်ကပြောသည်။
”အဓိကကျတဲ့တရားလိုတွေလည်းစစ်ဆေးပြီးပြီ။ သက်သေတွေကလည်း အဝေးတွေရောက်သွားကျတော့ ကြန့်ကြာမှုတွေရှိနေတယ်။ ပြီးခဲ့တဲ့ကိုဗစ်ကာလ တုန်းကလည်းအမှုတွေမစစ်ဆေးဘဲ ဆိုင်းငံထားရတယ်။ အခုလည်း လိုပြသက်သေတွေ စစ်ဆေးမယ်လုပ်တော့ လည်း ရဲသားတွေက လုံခြုံရေးအရ မအားတာတွေ၊ အခုလည်း လိုပြသက်သေတွေက နယ်ပြောင်းသွားကြလို့မစစ်ဆေးရတော့ ကျွန်တော်တို့ အမှုသည်တွေအတွက်နစ်နာမှုတွေရှိတယ်။အမှန်က အမှုအခြေနေက တိုးတက်မှုရှိရမှာအခုကတိုးတက်မှုမရှိဖြစ်နေတယ်”ဟုသူကပြောသည်။
အဆိုပါ ကျောင်းသားများအမှုတွင် လိုပြသက်သေများ ၇ ဦးအနက် ၃ ဦးသာစစ်ဆေးခဲ့ရပြီး လိုပြသက်သေများ နယ်ပြောင်းသွား ခဲ့ကြသောကြောင့် ၎င်းထံသို့ စာပို့ထားသော်လည်း အကြောင်းအပြန်သေး၍ မေလ ၃၁ ရက်နေ့သောရွှေ့ဆိုင်းလိုက်ရသည်ဟု သူကဆက် ပြောသည်။
ပြီးခဲ့သည့်၂၀၂၀ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြသော ကျောင်းသား ၃ ဦးအား စစ်တွေမြို့နယ် အမှတ်(၁)ရဲစခန်းမှ ရဲအုပ်ဇော်နိုင်က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားလိုလုပ်ကာတရားစွဲဆိုခဲ့သည်။ အဆိုပါအတွက် ပြီးခဲသည့် မေ ၆ ရက်နေ့က စစ်တွေခရိုင်တရားရုံးက ဒဏ်ငွေ နှစ်သောင်းကျပ်ချမှတ်ခဲ့သည်။
ယင်းအပြင်အဆိုပါကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်ကစစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆိုထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုပုဒ်မ ၂၉ စသည့်ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုပုဒ်မ ၂၉ ဖြင့် လက်ရှိတရား ရင်ဆိုင် နေရသော ကျောင်းသားများမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေး တာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ်ရခိုင် ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။
ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံကိုကျော်ငြိမ်းထွန်းက”ကျွန်တော်တို့ ကျောင်းသားတွေ ဖမ်းခံထားရတာကလည်း နှစ်တစ်ဝက်လောက်ရောက်လာပြီ။ စာသင်ခန်းထဲမှာ ရှိနေရမယ့် ကျောင်းသားတွေက အခုသံတိုင်တွေရဲ့နောက်မှာရောက်နေရတယ် ဆိုတာက မဖြစ်သင့်ဘူးပေါ့။ကျွန်တော်တို့ဒါကိုလက်မခံနိုင်ဘူး။ ပြည်သူတွေအတွက် တစ်စုံတစ်ရာစဉ်းစားပေးတဲ့ အစိုးရ တစ်ရပ်အဖြစ်သက်သေပြမယ်ဆိုရင် ဒီကကျောင်းသားတွေကို အမိန့်မြန်မြန်ချပေးနိုင်ဖို့ ကျွန်တော်တို့က မျှော်လင့်တယ်ဟု”သူကပြောသည်။
https://www.facebook.com/westernnewsagency/posts/292019575937887