ရခိုင်မှစာသင်ကျောင်း ၁၀၀ကျော် ယခုနှစ်တွင်ဖွင့်လှစ်ရန် အခြေနေမရှိဟုဆို

By Narinjara/ 2021 May 13

ဆောင်းဇာခြည်၊ချစ်အိလှိုင် 

ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ရခိုင်ပြည်နယ်မှ စာသင်ကျောင်း ၁၁၃ ကျောင်းကို ဖွင့်လှစ်နိုင်ရန် အခြေနေမရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊  ဘာသာရေး ပဋိပက္ခများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်မှ ကျောင်းအများအပြားကို ပိတ်ထားရဆဲဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခနှင့် ဒေသတည်ငြိမ်မှု မရှိခြင်းကြောင့်လည်း ကျေးရွာအချို့ ပြောင်းရွှေ့သွားရသည့်အတွက် စာသင်ကျောင်းများ မဖွင့်ရဘဲ ဖြစ်နေ ကြောင်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

“ အကုန်လုံးအခြေခံပညာ ၁၁၃ ကျောင်းကတော့ လောလောဆယ်မှာ ပြန်လည်ဖွင့်လှစ်ဖို့အတွက် အခြေနေ မရှိသေးပါဘူး။အခုချိန်မှာ အဲဒီဒေသကို သွားလာရေး နည်းနည်းစိုးရိမ်နေကြတယ်ပေါ့။ အထူးသဖြင့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေကျတော့ခုလောလောဆယ်မှာတော့ မဖွင့်ဖြစ်ဘူး။ မြေမြှုပ်တဲ့ ဗုံးတွေရှိနေသေးတယ်လို့ ကလေးတွေအတွက်ရောဆရာ/မလေးတွေအတွက်ပါ စိုးရိမ်စိတ်ရှိနေတယ်ပေါ့နော်။ ဒါလေးတွေကို ရှင်းလင်းရင်တော့ ဒီကျောင်းတွေကိုဖွင့်လှစ်နိုင်မယ်” ဟု ပြောသည်။

အဆိုပါ ၁၁၃ကျောင်းမှာ မောင်တောမြို့နယ်တွင် ၆၁ ကျောင်း၊ ဘူးသီးတောင်မြို့နယ်တွင် ၁၉ ကျောင်း၊ ရသေ့တောင်မြို့နယ်တွင်၂၆ ကျောင်း၊ မြေပုံမြို့နယ်တွင် ၄ ကျောင်း၊ ကျောက်တော်မြို့နယ်တွင်၂ ကျောင်းနှင့် တောင်ကုတ်မြို့နယ်တွင် ၁ကျောင်း တို့ဖြစ်ကြောင်း သိရသည်။

“ ၂၀၁၇ ခုနှစ်ကဘင်္ဂလီကိစ္စကြောင့်နဲ့ ကျောင်းတွေပိတ်ခဲ့ရတယ်။  ၂၀၁၉ ခုနှစ်ကလည်း ပိတ်ခဲ့တဲ့ ကျောင်းတချို့ဖွင့်ခဲ့တာ ရှိတယ်။ ပိတ်လိုက်၊ ဖွင့်လိုက် အဲလိုမျိုးပေါ့” ဟု ပြည်နယ်ပညာရေးမှူးက ဆက်ပြောသည်။ 

ပိတ်ထားရမည့် ကျောင်း၁၁၃ ကျောင်းအထဲတွင် မူလတန်းကျောင်းများသာမက အခြေခံပညာ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများလည်း ပါဝင်ကြောင်း သိရသည်။  

၎င်းကျောင်းများက ကျောင်းသား/သူများမှာ လက်ရှိတွင် နီးစပ်ရာကျောင်းများ၌ ပညာသင်ကြားလျှက်ရှိကြသည်ဟု ၎င်းကပြောသည်။

 လက်ရှိ ရခိုင်ပြည်နယ်၌စာသင်ကျောင်း စုစုပေါင်း ၃၃၀၉ ကျောင်းရှိပြီး၊ ယင်းအထဲမှ ၃၁၉၆ ကျောင်းကို ယခု ၂၀၂၁ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4311010628910981

Leave a Reply

Your email address will not be published.