ရခိုင်ပြည်အတွင်း ဘဏ်များတွင် ငွေလွှဲ၊ ငွေထုတ်ယူမှုများ ခက်ခဲနေ

By Development Media Group (DMG)/ 2021 May 13

ရခိုင်ပြည်ရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် ဧရာဝတီဘဏ်၊ ကမ္ဘော့ဇဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ် စသည့်ဘဏ်များမှ ငွေလွှဲ၊ ငွေထုတ်ယူရာတွင် အခက်ခဲများရှိနေကြောင်း ငွေလွှဲငွေထုတ်ယူသူများထံမှ သိရသည်။

ထိုဘဏ်များမှ ငွေလွှဲ၊ ငွေထုတ်ယူသူများမှာ နံနက်မှ ညနေ့အထိ ငွေလွှဲ၊ ငွေထုတ်ယူရန် ဘဏ်ရှေ့၌ တန်းစီးပြီးစောင့်ဆိုင်းသော်လည်း ငွေလွှဲ၊ ငွေထုတ်ယူ၍ မရမှုများရှိကြောင်းမင်းပြားမြို့မှ ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

“ကျနော်မှာက ကမ္ဘော့ဇဘဏ်မှာပဲ ငွေထည့်ထားတာဆိုတော့ ကမ္ဘော့ဇဘဏ်ကပဲ သွားထုတ်ရတယ်။ ဘဏ်တွေက ငွေထုတ်တဲ့အခါ ငွေသတ်မှတ်ချက်တွေနဲ့ကြုံရတယ်။ အဓိကတော့ ကျနော်တို့ ငွေထုတ်တဲ့အခါ အချိန်သတ်မှတ်ချက်တွေမရှိဘူး။ သူတို့ပေးချင့်တဲ့အချိန်ပေးတယ်။ တန်းစီးပြီးတော့ စောင့်ရတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ သူတို့က ရောက်လာတဲ့သူတွေကို ဖြစ်သလိုပေးတယ်။ ငွေထုတ်ရဖို့အတွက် လုယူရတယ်” ၎င်းကဆိုသည်။

မင်းပြားမြို့တွင် ကမ္ဘော့ဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ် စသည့် စုစုပေါင်းဘဏ် (၃) ခု ရှိကြောင်း သိရသည်။

မြောက်ဦးဒေသခံ ကိုဇော်ထွန်းက “ ကျနော်တို့ဆီမှာ ကမ္ဘာ့ရတနာဘဏ်ကထုတ်တာရှိတယ်။ ကမ္ဘော့ဇဘဏ်နဲ့ Wave Money တွေက ထုတ်တာတွေရှိတယ်။ ဘဏ်စာအုပ်နဲ့ဆိုရင် တစ်ပတ်မှာ တစ်ရက်ပဲထုတ်လို့ရတယ်။ တစ်ကြိမ်မှာက ငွေငါးသိန်းပဲထုတ်ပေးတယ်။ တစ်ပတ်မှာမှ တဘဏ်က လူအယောက်နှစ်ဆယ်ပဲထုတ်ပေးတယ်။ အယောက်နှစ်ဆယ်ပဲထုတ်ပေးတဲ့အခါ ထုတ်ဖို့သူတွေက လူသုံးရာယောက်လောက်ဖြစ်နေတယ်။ အဲဒီ လူသုံးရာလောက်ရှိတဲ့အထဲမှာ လူနှစ်ဆယ်ပဲထုတ်ပေးတယ်ဆိုတော့ အခက်ခဲတွေရှိတယ်။ ထုတ်ရတာကလည်း နံနက်ပိုင်းကနေ ဘဏ်ရှေ့မှာ တန်းစီးနေရတာ။ မရဘဲပြန်သွားရတဲ့ သူတွေများတယ်” ဟု ၎င်းကဆိုသည်။

အလားတူ ကျောက်တော်မြို့နယ်မှာလည်း ငွေလွှဲ၊ ငွေထုတ်ရာတွင် ထိုသို့အခက်ခဲများကြုံနေရကြောင်း ဒေသခံ ကိုသုမောင်က DMG သို့ပြောသည်။

ထိုသို့ ငွေလွဲ၊ ငွေထုတ်ရာတွင် အခက်ခဲရှိနေမှုနဲ့ပတ်သက်ပြီး သိရှိစေရန် စစ်တွေမြို့နယ် ကမ္ဘော့ဇ၂ (ဘဏ်ခွဲ)မှ မန်နေဂျာကို ဆက်သွယ်ရာ ရုံးချုပ်ဆက်သွယ်ရန်ဖြေကြားခဲ့သည်။ သို့သော် ကမ္ဘော့ဇဘဏ်ရုံးချုပ်သို့ DMG မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်သွယ်မရရှိခဲ့ပေ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က မြန်မာနိုင်ငံဘဏ်များအသင်းမှ ထပ်မံပေးပို့လာသော လမ်းညွှန်ချက်စာအရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါကြောင်း KBZ Bank က ထုတ်ပြန်ထားသည်။

ဘဏ်ခွဲများကို ပုံမှန်ဘဏ်လုပ်ငန်းချိန်ဖြစ်သော နံနက် ၉ နာရီခွဲမှ နေ့လည် ၃ နာရီအထိ ပုံမှန်ဖွင့်လှစ်ပြီး customer များ၏ နေ့စဉ်ဘဏ်လုပ်ငန်းဆောင်တာများ အဆင်ပြေမှုရှိစေရေးအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပြန်လည်ပေးအပ်သွားခြင်းနှင့် ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဖြစ်သော KBZPay၊ iBanking နှင့် mBanking များမှတဆင့် ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရယူနိုင်ကြောင်း ထိုသို့ထုတ်ပြန်ထားသည်။

https://www.facebook.com/dmgnewsagency/posts/2012384535580614

Leave a Reply

Your email address will not be published.