By Narinjara/ 2021 May 20
ထွန်းခိုင် (တောင်ရင်းကျွန်း)


ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းဦးအားရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သတင်းရရှိသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက မေ ၁၈ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့်စာတွင် ဦးရဲမင်းဦးသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ ခွင့်မဲ့ ပျက်ကွက်ခဲ့သည့်အတွက် “ရာထူးမှ ထုတ်ပယ်ခြင်း (Removal)” ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု ပါရှိသည်။
ဝန်ထမ်းများအား ရာထူးမှ ထုတ်ပယ်ခြင်းတို့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်လေ့ လုပ်ထ ရှိသော အလုပ်ဖြစ်သည့်အတွက် ရာထူးမှထုတ်ပယ်လိုက်ခြင်းအပေါ် ဂရုစိုက်စရာ အကြောင်းမရှိဟု ကာယကံရှင်ဖြစ်သူ ဦးရဲမင်းဦးက ပြောသည်။
“ထူးထူးခြားခြားတော့မဖြစ်ပါဘူး။ ဒီကိစ္စကတော့ အာဏာသိမ်းစစ်ကောင်စီက လုပ်လေ့လုပ်ထရှိတဲ့ အလုပ်တွေပါ။ အဲဒီအတွက်တော့ ဂရုစိုက်စရာ အကြောင်းတော့ မရှိပါဘူး” ဟုပြောသည်။
ဦးရဲမင်းဦးအနေဖြင့် ပစ်ဒဏ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက အမိန့်စာလက်ခံရရှိသည့်နေမှစ၍ (၆) လအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၂၂၀၊ ၂၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အယူခံလွှာ တင်သွင်း နိုင်သည်ဟုလည်း ရေးသားထားသော်လည်း အယူခံဝင်တော့မည်မဟုတ်ဟု သူကဆက်ပြောသည်။
“၆လအတွင်း အယူခံလွှာတင်လို့ရတယ်ဆိုတာက တော်တော် ရယ်စရာ ကောင်းတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က အယူခံ ဝင်တာတွေ၊ဘာတွေ လုပ်နေမှာ မဟုတ်တော့ဘူး”ဟုပြောသည်။
https://www.facebook.com/narinjara.info/posts/4334136603265050