ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုင်းနင်းမိပြီး အရပ်သားတစ်ဦး သေဆုံး

By RFA/ 2021 May 4

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိန္နဲတောကျေးရွာမှာ မနေ့က မနက်ပိုင်းက တောထဲမှာ ထင်းခုတ်သွားစဉ် မိုင်းနင်းမိလို့ အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

သေဆုံးသွားသူဟာ ပိန္နဲတောကျေးရွာက အသက် ၆၁ နှစ်ကျော်အရွယ် ဦးခင်မောင်အေး ဖြစ်ပြီး ရွာနဲ့ တစ်မိုင်လောက် ဝေးတဲ့ ဆင်အင်းတောင်မှာ မိုင်းတစ်လုံးနင်းမိလို့ ဘယ်ဘက်ခြေထောက်ပြတ်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ပိန္နဲတောကျေးရွာသား ဦးမောင်သိန်းဝင်းက ပြောပါတယ်။

သူရဲ့အလောင်းကို မနေ့က နေ့လယ်ပိုင်းမှာ ရှာတွေ့ခဲ့ပြီး ညနေ ၄ နာရီလောက်မှာ သင်္ဂြိုဟ်လိုက်ပြီလို့လည်း သူကဆိုပါတယ်။

အဲဒီ ဆင်အင်းတောင်အနီးတဝိုက်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားမှုတွေရှိခဲ့ပြီး ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းလည်းဆိုတာကိုတော့ မသိရဘူးလို့လည်း ဦးမောင်သိန်းဝင်း က ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က ပိန္နဲတောကျေးရွာအပြင် အနီးအနားကျေးရွာတွေဖြစ်တဲ့ ဖက်ကျ၊ လက်ဝဲစာတိုက်၊ ပေါက်တောပြင် စတဲ့ကျေးရွာတွေနဲ့ တခြား အဲဒီတောဖျားဒေသက ဒေသခံတွေဟာ တောတောင်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတဲ့သူတွေဖြစ်ပြီး အခုလို တောတောင်တွေမှာ မိုင်းနင်းလို့ သေဆုံးမှုတွေ ရှိလာတာကြောင့် ဒေသခံတွေဟာ ကြောက်လန့်ပြီး တောထဲကို မသွားရဲဘူးဖြစ်နေကြတယ်လို့ တောဖျား ဒေသခံ အခြေစိုက် ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းက ဥက္ကဋ္ဌ ဦးကံသိန်းမောင်က RFA ကို ပြောပါတယ်။

အဲဒါကြောင့် အခုလိုမျိုးထပ်မဖြစ်အောင် ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ တောတောင်တွေ၊ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ တပ်မတော်စခန်းချထားခဲ့တဲ့ နေရာတွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ ၂၀၂၀ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကလေးသူငယ် ထိခိုက်သေဆုံးမှု အမြင့်မားဆုံးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလက ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UN OCHA) က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်လက်နက်ပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးသူပေါင်း ၁၃၄ ဦး ရှိခဲ့ပြီး စုစုပေါင်း ထိခိုက်သေဆုံးသူ အရေအတွက်ရဲ့ ၅၃ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တယ် လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

https://www.rfa.org/burmese/news/ponnagyun-mine-explosion-05042021091242.html

Leave a Reply

Your email address will not be published.