ရခိုင်ပြည်နယ်မှ အခြေခံပညာအထက်တန်းအောင်မြင်သူ ကျောင်းသား/သူ ၁၀၀ ကို CDNH ပညာသင်ဆုပေးမည်

By Narinjara/ 2021 May 21

ဆောင်းဇာခြည်

ကွဲပြားခြားနားမှုနှင့်အမျိုးသားရေးသဟဇာတ ဖြစ်မှုဆိုင်ရာလေ့လာရေးအဖွဲ့ (CDNH) က ယခုနှစ်တွင် ရခိုင်ပြည်နယ်မှ အခြေခံပညာအထက်တန်း အောင်မြင်သူ ကျောင်းသား/သူ ၁၀၀ ဦးကို ပညာသင် ထောက်ပံ့ကြေးဆုပေးအပ်သွားမည်ဟု သတင်းရရှိသည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေးဆုကို ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် လျှောက်လွှာဖြင့် လျှောက်ယူရမည်ဖြစ်ကြောင်း  CDNH မှ စစ်တွေရုံး (ခွဲ) တာဝန်ခံ ဦးဇော်မျိုးသက်က ပြောသည်။

“ကိုယ်တို့ ရခိုင်မှာ ငွေကြေးမတတ်နိုင်လို့ စာမသင်နိုင်တဲ့သူရှိတယ်လေ။ ငွေကြေးမတတ်နိုင်လို့ စာမသင်နိုင်တဲ့သူကို စာသင်နိုင်အောင်ဆိုပြီးတော့ ဒါကို ရည်ရွယ်ပြီး ပေးတာပါ။ ဒါကို ကျွန်တော်တို့အဖွဲ့က ဘတ်ဂျက်ငွေက ပေးတာပါ။ ရွေးချယ်တဲ့အခါမှာလည်း အမှန်တကယ် ငွေကြေးမတတ်နိုင်သူတွေကို ဦးစားပေးရွေးချယ်သွားမှာပါ။” ဟု ပြောသည်။

လျှောက်ထားနိုင်သည့် ကျောင်းသား ကျောင်းသူများမှာ ရခိုင်ပြည်နယ်ရှိ စာစစ်ဌာနအသီးသီးမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်သူဖြစ်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူဖြစ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းဆုကို လျှောက်ထားသူဦးရေအကန့်အသတ်မရှိ လျှောက်ထားနိုင်ကြောင်း၊ ထိုအထဲမှ ၄င်းတို့အနေဖြင့် ကျောင်းသား/သူ ၁၀၀ ဦးကို ရွေးချယ်ကာ တစ်လ ဒေါ်လာ ၂၀၀ နှင့်ညီမျှသည့် မြန်မာငွေကို ကျောင်းတက်နေရသည့် ကာလအတွင်း လစဉ်ပုံမှန် ပေးသွားမည်ဖြစ်ကြောင်းကို သူက ဆက်ပြောသည်။

“ကျွန်တော်တို့ လျှောက်လွှာပိတ်မယ့်ရက်ကိုတော့ မပြောထားသေးပါဘူး။ ကျွန်တော်တို့ လျှောက်လွှာလျှောက်လို့ ပါတဲ့သူတွေကို ဘဏ်အကောင့်ဖွင့်ပေးမယ်။ အဲဒီမှာ တစ်လမှာ ဒေါ်လာနှစ်ရာနဲ့ ညီမျှတဲ့ မြန်မာငွေကို ပေးပါမယ်။ ဥပမာ စစ်တွေတက္ကသိုလ်မှာ တက်တဲ့ ကျောင်းသားဆိုရင် သူဟာ အဲဒီမှာ ကျောင်းသုံးလတက်ရမယ်ဆိုရင် အဲဒီ သုံးလလုံးကို ဘဏ်အကောင့်ထဲကို ထည့်ပေးသွားမယ်။ ကျောင်းပိတ်သွားတဲ့လတွေမှာတော့ မပေးဘူးပေါ့။ အခု လျှောက်လွှာတွေကို တင်လို့ရပါပြီ” ဟု ပြောသည်။

၄င်းတို့အဖွဲ့အနေဖြင့် ပညာသင်ထောက်ပံ့ကြေးဆုအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကစပြီး ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ ကျောင်းသား/သူများ ရွေးချယ်ကာ ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း ဦးဇော်မျိုးသက်ပြောပြချက်အရ သိရသည်။

လျှောက်လွှာလျှောက်ထားမည့်သူများအနေဖြင့် စစ်တွေရုံး(ခွဲ) ၀၉ ၄၂၀ ၃၃၀ ၇၅၉၊ မောင်တောရုံး(ခွဲ) ၀၉ ၂၆၂ ၇၈၃ ၃၅၁၊ သံတွဲရုံး (ခွဲ) ၀၉၄၂၀ ၈၈၇ ၈၉၆ ဖုန်းများကို ဆက်သွယ်ကာ လျှောက်ထားနိုင်သည့်အပြင် rakhinescholarships@cdnh.org, rakhinescholarships@gmail.com စသည့်မေးလ်များအား အွန်လိုင်းမှ ပေးပို့ကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

 လျှောက်လွှာများကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ရုံးများ တွင် လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများတွင် လည်းကောင်း ရယူနိုင်ပါသည်။ ထို့အပြင် www.cdnh.org/RakhineScholarships အွန်လိုင်းမှလည်း ရယူနိုင်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4337859372892773

Leave a Reply

Your email address will not be published.