ရခိုင်တွင် ရာထူးတိုးဖြေဆိုမည့် အခြေခံပညာရေးဝန်ထမ်းပေါင်း (၄၀၀) ကျော်ရှိ

By Development Media Group (DMG)/ 2021 May 18

ခိုင်ပြည်နယ်တွင် ရာထူးတိုးဖြေဆိုမည့် အခြေခံပညာရေးဝန်ထမ်းပေါင်း (၄၂၁) ဦးရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက DMG ကို ပြောသည်။

ဖြေဆိုသူများမှာ အလယ်တန်းကျောင်းအုပ်ရာထူး ဖြေဆိုသူ (၃၆၀) ဦး၊ ဦးစီးအရာရှိရာထူးဖြေဆိုသူ (၄၃) ဦးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ရာထူးဖြေဆိုသူ (၁၈) ဦး စုစုပေါင်း (၄၂၁) ဦးတို့ဖြစ်ကြောင်း သူကဆိုသည်။

“ဖြေမယ့်သူတွေက လာမယ့် မေလ ၂၆ ရက်နေ့မှာ စာရေးပြီး ဖြေရမယ်။ ပြီးရင် မေလ ၂၇ ရက်နေ့မှာ လူတွေ့ နှုတ်မေး နှုတ်ဖြေ ဖြေရမယ်။ ဒါတွေပြီးရင်တော့ အရင်တုန်းက လုပ်ရိုးလုပ်စဉ်အတိုင်း အောင်တဲ့သူတွေကို ပြန်ပြီးအကြောင်းကြားသွားမှာပေါ့” ဟု ၎င်းကပြောသည်။

ရာထူးတိုး စာမေးပွဲများမှာ နှစ်စဉ်ခေါ်နေကျဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ရာထူးတိုးစာမေးပွဲများ ခေါ်ယူခဲ့ခြင်းမရှိကြောင်း အခြေခံပညာရေးဝန်ထမ်းများထံမှ သိရသည်။

“ပုံမှန်ဆိုရင် ဒီဇင်ဘာလမှာခေါ်ပြီး ဇန်နဝါရီလောက်ဆိုရင် ဖြေတာတွေလုပ်လေ့ရှိတယ်။ ဒီနှစ်မှာက ဖေဖော်ဝါရီလောက်က စပြီးခေါ်မလိုလိုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခုမှ ခေါ်တဲ့သဘော ဖြစ်သွားတာ။ ကျနော်တို့ အစိုးရဝန်ထမ်းတွေဆိုတာက ဘယ်အစိုးရတက်တက် လုပ်စရာရှိတာ လုပ်ရမယ့် တာဝန်ရှိတာပဲလေ”ဟု အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးကဆိုသည်။

ထို့အပြင် လက်ရှိတွင် CDM မလုပ်ဆောင်သည့် ပညာရေးဝန်ထမ်းများအပေါ် ပြောဆိုနေမှုများသည် မဖြစ်သင့်ကြောင်းနှင့် လူတိုင်းတွင် ကိုယ့်အကြောင်းတရားနှင့်ကိုယ်ရှိသည်ကို သတိပြုသင့်ကြောင်း သူကဆိုသည်။

“လူတိုင်းမှာက ကိုယ့်ခံယူချက်နဲ့ကိုယ်လေ။ ကိုယ်လုပ်တဲ့အတွက် သူလုပ်ရမယ်ဆိုတာမျိုးတော့ ပြောလို့မရဘူးလေ။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲမို့လား။ ဒါကြောင့် ကိုယ်မတက်လို့လဲ သူ့ကို အမြင်မစောင်းသင့်သလို ကိုယ်တက်လို့ သူမတက်လို့လဲ သူ့ကို အမြင်မစောင်းသင့်ဘူးလို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဌာနဆိုင်ရာများတွင် လုပ်ကိုင်နေသူများမှာ Civil Disobedience Movement (CDM) လူထုလှုပ်ရှားမှုတွင် ပါဝင်လာမှုများရှိနေပြီး ရခိုင်ပြည်နယ်တွင် CDM လုပ်ဆောင်သည့် ပညာရေးဝန်ထမ်း ဆယ်ဂဏန်းမျှသာရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးထံမှ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2016287808523620

Leave a Reply

Your email address will not be published.