ရခိုင်တွင် ယခုနှစ် သီဟိုဠ်သရက်စေ့ ဈေးကောင်းရရှိနေသော်လည်း ရောင်းချရန်ဈေးကွက်မရှိဖြစ်နေ

By Western News/ 2021 May 11

ရခိုင်ပြည်နယ်တွင် သီဟိုဠ်သရက်စေ့၏ ဈေးနှုန်းမှာ ယခင်နှစ်ထက်ဈေးကောင်းရရှိနေသော်လည်း အလုံးအရင်း ရောင်းချရန်ဈေးကွက် မရှိကြောင်း သီဟိုဠ်စေ့ဝယ်ယူ၍ ရောင်းချနေကြသောသူများမှဆိုသည်။

ယခင်နှစ်တွင် သီဟိုဠ်စေ့ တစ်ပိဿလျှင်ရောင်းဈေး ၁၅၀၀ ကျပ်ဝန်းကျင်လောက်သာရှိသော်လည်း ယခုနှစ်တွင် တစ်ပိဿလျှင်၂၀၀၀ ကျော်ခန့်ဈေးနှုန်းရှိနေကြောင်း သီဟိုဠ်စေ့ ဝယ်ရောင်းလုပ်ကိုင်နေသူ အမ်းမြို့မှ ဦးခင်မောင်ဝင်းက ဆိုသည်။

“အရင်နှစ်ကတော့ ကျွန်တော်တို့ကိုယ်တိုင်တောင် တစ်ပိဿ ၁၅၀၀ လောက်ပဲဝယ်ဈေးရှိတယ်။ အခုနှစ်ကတော့ ၂၀၀၀ ကျော်လောက်ဈေးရနေတယ်ပေါ့နော်”ဟုပြောသည်။

သီဟိုဠ်သရက်ပင်မှာနှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ ၂ နှစ်ခန့်သက်တမ်းအကြာတွင်အသီးစသီး ကာ ၇ နှစ်အရွယ်မှသာ စီးပွားဖြစ်စတင်ဆွတ်ခူးနိုင်ပြီး သက်တမ်း ၅၀ ခန့်အထိအသီးခူးဆွတ်နိုင်သောအပင်တစ်မျိုး ဖြစ်သည်။

ရခိုင်ပြည်မှ ထွက်ရှိသော သီဟိုဠ်သရက်စေ့များကို မြို့နယ်အလိုက်လည်ပတ်ရောင်းချမှုအများဆုံးဖြစ်ပြီး ပြည်မဘက်သို့ တင်ပို့မှုများလည်းရှိကြောင်း သီဟိုဠ်စေ့ဈေးကွက်ဟူ၍ သတ်သတ်မှတ်မှတ်မရှိဘဲ ဝယ်ရောင်းလုပ် သူများနှင့်သာလည်ပတ်ရကြောင်း အမ်းမြို့မှ သီဟိုဠ်စေ့ဝယ်ယူရောင်းချသူ ဦးနေဇော်မှဆိုသည်။

“သီဟိုဠ်စေ့တွေက မြို့နယ်တွေမှာပဲလည်ပတ်ရောင်းကျတာပါပဲ။ ပြည်မဘက်ကိုတင်ပို့တာတွေလည်းရှိ တာပေါ့။ သီဟိုဠ်စေ့ဈေးကွက် ရယ်လို့ သတ်သတ်မှတ်မှတ်တော့မရှိဘူးဗျ။ ဝယ်ရောင်းလုပ်ကိုင်သူတွေနဲ့လည်ပတ် နေတာမျိုးပါပဲ” ဟုသူကပြောသည်။

ပြည်မဘက်တွင် သီဟိုဠ်စေ့ရောင်းချရန် ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်များရှိနေသော်လည်း ရခိုင်ပြည် တွင်ထိုသို့သောသီဟိုဠ်စေ့ဈေးကွက်မျိုးမရှိသေးကြောင်းသိရသည်။

ရခိုင်ပြည်တွင် သီဟိုဠ်သရက်စေ့ကို တောင်ကုတ်၊ အမ်း၊ မောင်တော စသည့်မြို့နယ်များတွင်အဓိကစီးပွားဖြစ် လုပ်ကိုင်ကြပြီး တစ်ဧကလျှင် ပိဿာ ၁၅၀ ကျော်ခန့်အထွက်နှုန်းရှိကြောင်းသီဟိုဠ်ခြံစိုက်ပျိုးသူများကဆိုသည်။

https://www.facebook.com/westernnewsagency/posts/288061193000392

Leave a Reply

Your email address will not be published.