ရခိုင်တွင် ပထမဆုံးကျောင်းအပ်နှံရေးနေ့၌ ကျောင်းသားငါးသောင်းကျော်ကျောင်းအပ်နှံ

By Narinjara/ 2021 May 24

ချစ်အိလှိုင်

ရခိုင်တွင်ပထမဆုံးကျောင်းအပ်နှံရေးနေ့ဖြစ်သည့် မေလ ၂၄ရက်နေ့၌  ကျောင်းသား/ကျောင်းသူ ၅သောင်းကျော် ကျောင်းအပ်နှံခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရသိရသည်။

၄င်းတို့မှာ မူလတန်း စုစုပေါင်း ၃၈ဝ၂၅ ဦး၊ အလယ်တန်း ၁၂၈၆၄ ဦး၊ အထက်တန်း ၃၇၉၈ ဦး၊ စုစုပေါင်း ၅၄၆၈ရ ဦးဖြစ်ကြကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။

“ ကျွန်တော်တို့ စုစုပေါင်း ၅သောင်းကျော်အထိ လက်ခံခဲ့ရတယ်။ ဒီစာရင်းက ခရိုင်အလိုက် ကောက်ထားတဲ့စာရင်းပါ။ ဘယ်မြို့နယ်၊ ဘယ်ခရိုင်မှာ အများဆုံးလည်းဆိုတာပြောရခက်ပါတယ်။ ဘာလို့လည်းဆိုရင် မောင်တောခရိုင်ဆိုရင် မြို့နယ်နှစ်ခုတည်းရှိတာလေ။ မြောက်ဦးခရိုင်ဆိုရင် ငါးခုလောက်ရှိတယ်။ ဒါကြောင့် ဘယ်မှာ ကျောင်းသား ဦးရေများတယ်ဆိုတာ ပြောရခက်သေးတယ်။ စာရင်းကိုအသေးစိတ်လုပ်နေပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင်  ကျောင်းပေါင်း ၃၁၉၆ ကျောင်းကို ယခုနှစ်တွင် ဖွင့်လှစ် ပညာသင်ကြား သွားမည်ဖြစ်ကြောင်း ပညာရေးမှူးက ဆက်လက် ပြောဆိုသည်။

၂ဝ၂၁-၂၂ ခုနှစ်ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ကို ယမန်နေ့ မေလ ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့ အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်နေ့ အဖြစ်သတ်မှတ်ထားသည်။ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းသားများစတင် ကျောင်းတက်ရမည်ဖြစ်ကြောင်း ပညာရေးဌာနမှ ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/4349794718365905

Leave a Reply

Your email address will not be published.