By Development Media Group (DMG)/ 2021 May 17
ရခိုင်ပြည်နယ်တွင် တာဝန်မှ ယာယီရပ်နားခြင်းခံထားရသည့် အခြေခံပညာရေးဝန်ထမ်း ဆရာ၊ဆရာမပေါင်း (၁၇၁) ဦးရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ဆိုသည်။
ယခုစာရင်းမှာ မေလ ၃ ရက်နေ့တွင် အခြေခံပညာကျောင်းဆရာ၊ဆရာမများအားလုံး ကျောင်းသို့အရောက်လာရန် ညွှန်ကြားထားခဲ့ပြီးနောက် မေလ ၇ ရက်နေ့အထိ ကျောင်းသို့ မရောက်လာသူများဖြစ်ကြောင်း သူကဆိုသည်။
“ခုနစ်ရက်နေ့အထိ မရောက်တဲ့သူတွေကို တာဝန်က ယာယီရပ်စဲဖို့ အမိန့်ထုတ်ခိုင်းထားတယ်။ သူတို့နဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာတော့ ရုံးချုပ်က ညွှန်ကြားတဲ့အတိုင်း လုပ်ရမှာပါပဲ” ဟု ဦးတင်သိန်းက ပြောသည်။
မေလ ၇ ရက်နေ့နောက်ပိုင်းမှ ကျောင်းသို့ရောက်ရှိလာသည့် ကျောင်းဆရာ၊ဆရာမတချို့လည်း ရှိနေပြီး အဆိုပါစာရင်းများကို ရုံးချုပ်သို့ တင်ပြပေးထားကြောင်းနှင့် ထိုသူများကို အရေးယူမည်/မယူမည်ကိုမူ အတိအကျ ပြောရန်ခက်ခဲကြောင်း သူကဆိုသည်။
“နောက်ပိုင်းမှာ ကျောင်းကိုရောက်လာတဲ့စာရင်းတွေတော့ တက်လာနေတာရှိတယ်။ အတိအကျကိုတော့ မသိဘူး။ အခုရပ်နားခံထားရတဲ့အထဲက CDM ဆိုတဲ့လူတွေကိုတော့ ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ ရုံးချုပ်က ဆုံးဖြတ်လိမ့်မယ်။ ပြန်လာတဲ့လူတွေကတော့ နည်းနည်းသက်သာမယ့် သဘောမှာရှိပြီး ကျန်တဲ့သူတွေကတော့ ရာထူးက အပြီးသတ်ရပ်စဲတာတာတွေဘာတွေ ရှိလာနိုင်တာပေါ့” ဟု ဦးတင်သိန်းကဆိုသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ကျောင်းသို့ အရောက်လာရန် ကျောင်းအုပ်ကြီးမှ ညွှန်ကြားချက်ပေးခဲ့သည့်အတွက် ကျောင်းသို့ အရောက်သွားခဲ့ပြီးနောက် ကျောင်းသို့ မြို့နယ်ပညာရေးဦးစီးဌာနက တာဝန်ရှိသူများမှ လာရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း သံတွဲမြို့နယ်မှ အမည်မဖော်လိုသည့် ကျောင်းဆရာမတစ်ဦးကဆိုသည်။
“မြို့နယ်က လာစစ်တဲ့အခါ A4 စာရွက်မှာ အတန်းအလိုက် ကျောင်းသားစာရင်းတွေနဲ့ ကျောင်းမှာ ရောက်နေတဲ့ စာရင်းနဲ့ ပျက်ကွက်တဲ့သူတွေကို ရေးပြီးပေးလိုက်ရတယ်။ ကျန်တာတွေတော့ စစ်ဆေးတာတွေ မရှိပါဘူး ” ဟု အဆိုပါဆရာမကပြောသည်။
ရခိုင်ပြည်နယ်ရှိ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ဇွန်လ ၁ရက်နေ့တွင် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်စေရေးအတွက် ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ကျောင်းသို့ အရောက်လာရန် ညွှန်ကြားမှုများရှိခဲ့ပြီး ယခုကဲ့သို့ အရောက်လာစေမှုမှာ CDM လုပ်ဆောင်သည့် ဆရာ၊ ဆရာမစာရင်းကို ကောက်ယူခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ ဝေဖန်မှုများလည်းရှိခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/2015669921918742