By Development Media Group (DMG)/ 2021 May 13

ရခိုင်ပြည်တွင် စားသုံးဆီအချို့စျေးနှုန်းနှစ်ဆမြင့်တက်လျှက်ရှိကြောင်း လက်လီလက္ကား ရောင်းချနေသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ရခိုင်ဒေသတွင် စားသုံးဆီ တစ်ပိဿာလျှင် ၂၁၅၀ ကျပ်ခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် စားသုံးဆီများအနက် စားအုန်းဆီနှင့် အသီးအနှံဆီ (နေကြာဆီ၊ ပဲပိစပ်ဆီ)များမှာ ယခင်ထက် နှစ်ဆစျေးမြင့်လျှက်ရှိကြောင်း စစ်တွေမြို့မှ ကုန်စုံဆိုင်ရောင်းချနေသူ မခင်ခင်ဌေးကဆိုသည်။
“အရင်တုန်းက ဆိုင်မှာ တစ်ထောင်နဲ့ရောင်းတဲ့ ဆီဗူးတွေကို နှစ်ထောင်နဲ့ပြန်ဝယ်နေရတယ်။ အရင်က နှစ်ထောင်ကျော်နဲ့ ရောင်းနေတဲ့ဆီဗူးတွေဆိုရင် အခု ငါးထောင်နဲ့ပြန်ဝယ်ပြီးရောင်းနေရတယ်။ အများစုကတော့ စားအုန်းဆီနဲ့ အသီးအနှံဆီတွေ တက်တာများတယ်။ ကျန်တဲ့ ပြည်တွင်းကလာတဲ့ ပဲဆီတွေကတော့ ရာဂဏန်းကျော်ကျော်လောက်ပဲ တက်တယ်” ဟုပြောသည်။
လက်ရှိတွင် စားသုံးဆီများကို ရန်ကုန်မှ စစ်တွေသို့ တင်သွင်းနေရခြင်းဖြစ်ပြီး ရန်ကုန်မှ ဝယ်ယူရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ၃၇၀၀၀ ကျပ်အထိ ပေါက်စျေးရှိကာ စစ်တွေတွင် လေးသောင်းခန့်နှင့် ပြန်လည်ရောင်းချလျှက်ရှိကြောင်း စားသုံးဆီလုပ်ငန်းလုပ်ကိုင်နေသည့် အမည်မဖော်လိုသူတစ်ဦးကဆိုသည်။
“ စားသုံးဆီကို တချို့က သင်္ဘောမှာ ဆီကန်တွေလုပ်ပြီး သယ်တာတွေရှိတယ်။ အချို့ကတော့ ဆယ်ပိဿာပုံးတွေနဲ့ မှာတာတွေရှိတယ်။ ဆီကန်တွေနဲ့သယ်လာပြီး ဒီရောက်မှ ပုံးတွေမှာပြန်ဖြည့်ပြီး ပါကင်ပိတ်ရောင်းတာတွေလည်း ရှိကြတာပဲ။ အခုနောက်ပိုင်းမှာတော့ ဒီစားအုန်းဆီက စျေးကျအုန်းမှာ မဟုတ်ဘူး” ဟု သူကဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် စားအုန်းဆီများကို နိုင်ငံခြားမှ တင်သွင်းနေရပြီး လက်ရှိတွင် မလေးရှားနိုင်ငံမှ တင်သွင်းနေကြောင်းနှင့် မလေးရှားနိုင်ငံတွင်လည်း ဝယ်လိုအားမြင့်တက်မှုကြောင့် ၁၀ ရာခိုင်နှုန်းခန့် စျေးမြင့်တက်လျှက်ရှိသည်။
စားအုန်းဆီများမှာ နိုင်ငံခြားမှ တင်သွင်းရသည့် ကုန်များဖြစ်သည့်အတွက် ဒေါ်လာစျေးမြင့်တက်လာသည်နှင့်အမျှ ဒေါ်လာဖြင့်ပေးချေဝယ်ယူနေရသည့် ကုန်စည်များမှာလည်း စျေးမြင့်တက်လာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။
“ဒေါ်လာစျေးတွေမြင့်တက်လာတော့ နိုင်ငံခြားက အဓိကသွင်းနေရတဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သံ စတာတွေကတော့ အကုန်စျေးတက်လာမှာပါပဲ။ ဒေါ်လာစျေးကို ဘယ်လို လျှော့ချမလဲဆိုတာကို သေသေချာချာဆောင်ရွက်ရမယ်လို့မြင်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုအောင်အောင်ကဆိုသည်။
ယခုကဲ့သို့ ကုန်စျေးနှုန်းများမြင့် တက်နေသည်မှာ ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်သည့်အပြင် ဒေါ်လာစျေးမြင့်တက်မှုကြောင့် တင်သွင်းလာသည့် ကုန်စည်များ၏ စျေးနှုန်းများပါ မြင့်မားလာခြင်းဖြစ်နေသည့်အတွက် မိမိတို့အနေဖြင့် ကုန်စျေးနှုန်းထိန်းညှိပေးရန် မစွမ်းသာဖြစ်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောသည်။
“ဒေသကထွက်တဲ့ပစ္စည်း တွေကတော့ သိပ်ပြီး စျေးမြင့်တာတွေမရှိဘူး။ စက်သုံးဆီစျေးမြင့်လာပြီး သယ်ယူစရိတ်ခ နည်းနည်းပိုတက်လာတာကြောင့် စျေးနည်းနည်းပိုလာတာပဲရှိတယ်။ ဒါပေမယ့် စားအုန်းဆီတွေက နိုင်ငံခြားက တင်သွင်းရတော့ ရန်ကုန်က ပင်ရင်းဆိုင်တွေမှာကိုယ်က စျေးတွေ နှစ်ဆတက်ကုန်တော့ ဒီဘက်က ကုန်သည်တွေကို စျေးထိန်းညှိဖို့ ဘယ်လိုပြောလို့ရတော့မှာတုန်း” ဟု သူကရှင်းပြသည်။
ယခုကဲ့သို့ စားသုံးဆီစျေးနှုန်းများမြင့်တက်လာခြင်းကြောင့် ဆီကို ယခင်ထက်ပိုမိုခြွေတာသုံးစွဲကာ အိမ်အသုံးစရိတ်ကာမိရေးကို လုပ်ဆောင်နေရကြောင်း စစ်တွေမြို့တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးဖြစ်သူ မခင်သိန်းအေးကဆိုသည်။
“ ကျွန်မတို့က တစ်နေ့လုပ်မှ တစ်နေ့လုပ်ရတဲ့လက်လုပ်လက်စားတွေဆိုတော့ အရင်တုန်းက ဆီတစ်ဆယ်သားလောက်ဝယ်နိုင်ရင် အခု ငါးကျပ်သားလောက်ပဲ ဝယ်နိုင်တော့တယ်။ အိမ်မှာလည်း ဆီနဲ့ချက်တဲ့ ဟင်းတွေမှာ ဆီကို လျှော့ထည့်ရတာပေါ့” ဟု သူကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ရခိုင်ဒေသတွင် စားသုံးဆီ တစ်ပိဿာလျှင် ၂၁၅၀ ကျပ်ခန့်သာ ရှိခဲ့သော်လည်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပြည်ပမှ ဆီတင်သွင်းသူနည်းပါးလာမှုနှင့် ဒေါ်လာစျေး မြင့်တက်လာမှုများကြောင့် စျေးနှုန်းနှစ်ဆခန့်မြင့်တက်လာခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် စားအုန်းဆီနှင့် အသီအနှံဆီများ နှစ်ဆစျေးမြင့်တက်နေသည့်အပြင် ဆေးဝါးများမှာလည်း ၈ ရာခိုင်နှုန်းခန့် စျေးမြင့်တက်လျှက်ရှိကြောင်း ရောင်းချနေသူများထံမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2012123572273377