ရခိုင်တွင် စစ်ရေးအခြေအနေငြိမ်သက်နေ၍ ယခုနှစ် မိုးစပါးစိုက်ပျိုးမှုဧက တိုးလာနိုင်ခြေရှိ

By Western News/ 2021 May 27

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ရခိုင်ပြည်နယ်တွင် စစ်ရေးအခြေအနေငြိမ်သက်နေ၍ ယခု ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှု ဧကမှာ ယမန်နှစ်ကထက် တိုး၍စိုက်ပျိုးနိုင်ခြေရှိကြောင်း ရခိုင်ပြည် တောင်သူလယ်သမားသမဂ္ဂ၏ ပြောကြားချက်အရသိရသည်။

ယခုနှစ်တွင် စစ်ရေးအခြေအနေငြိမ်သက်မှုရှိနေခြင်းကြောင့် မိုးစပါးစိုက်ပျိုးနိုင်မှုဧကမှာ ယမန်နှစ်ထက် တိုးလာနိုင်သော်လည်း လယ်သမားများတွင် စားဝတ်နေရေး၊ လုပ်သားအခြေအနေများနှင့် စိုက်ပျိုးစရိတ် အခက်အခဲတို့လည်းရှိသေးသည့်အတွက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ရခိုင်ပြည်တောင်သူလယ် သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“၂၀၁၉ – ၂၀၂၀ နှစ်တွေမှာ ရခိုင်တပြည်လုံးအတိုင်းအတာာအရ မိုးစပါးစိုက်ပျိုးနိုင်မှုဧကပေါင်းမှာ ၈၅၀,၀၀၀ ကျော်ရှိတယ်။ ဒီ ၂၀၂၁ ခုနှစ်မှာ စစ်ရေးအခြေအနေအရ စိုက်ပျိုးဧကတွေတိုးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် သူတို့မှာ စိုက်ပျိုးစရိတ်အခက်အခဲ အပြင် တခြားစားဝတ်နေရေးအခက် အခဲတွေလည်းရှိနေသေးတော့ အခြေအနေကိုတော့ ကျနော်တို့ စောင့်ကြည့်ရပါဦးမယ်။”ဟုဆိုသည်။

မြို့ရွာများတွင် တိုက်ပွဲဖြစ်ပွားမှုများရှိမနေ၍ ယခုနှစ်တွင်မိုးစပါးစိုက်ပျိုးရန်ပြင်ဆင်နေကြကြောင်း၊ သို့သော် စိုက်ပျိုးစရိတ်မှာလည်း ထင်သလောက်မလွယ်၍ အခက်အခဲများရှိကြောင်း တိမ်ညိုစစ်ရှောင်စခန်းတွင် နေထိုင်သည့် အောက်သားကန်ရွာမှ လယ်သမား ဦးကျော်စော ကပြောသည်။

“ဒီနှစ် တိုက်ပွဲဖြစ်တာတွေမရှိဘူးဆိုတော့ ကျနော်ရော ကျနော့်ရွာကလယ်လုပ်သူတွေပါ စပါးစိုက်ဖို့လုပ်ထားကြပါတယ်။ မနှစ်ကလည်း တိုက်ပွဲဖြစ်ကြတာကြောင့် ပျိုးအောင်တဲ့အထိမစိုက်ပျိုးနိုင်ခဲ့ဘူးလေ။ ပျိုးကြဲချိန်မှာပဲ ရွာကိုစွန့်ပြီး စစ်ရှောင်စခန်းမှာလာခိုနေရပြီ။ ဒီနှစ်စပါးစိုက်မှာကလည်း စိုက်ပျိုးစရိတ်အခက်အခဲတော်တော်ရှိပါတယ်။ ခုတောင်ဓာတ်မြေသြဇာဈေးတွေက တော်တော်မြင့်နေတယ်။” ဟုဆိုသည်။

ရခိုင်တွင် စိုက်ပျိုးမြေဧကပေါင်း ၁၅၀,၀၀၀၀ ခွဲကျော်အထိရှိပြီး ပြည်နယ်၏ စစ်ပွဲအခြေအနေများ ကြောင့် ၂၀၁၉-၂၀၂၀ ခုနှစ်များတွင် မိုးစပါးမစိုက်ပျိုးနိုင်သည့် ဧကပေါင်း ၆၅၀,၀၀၀ ကျော်အထိရှိခဲ့သည်၊၊ အများဆုံးမစိုက်ပျိုးနိုင်ခဲ့သည့် မြို့နယ်များမှာ ကျောက်တော်မြို့နယ်အထက်ပိုင်းနှင့် ရသေ့တောင်မြို့နယ်တို့ဖြစ်ပြီး မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မြေပုံ စသည့်မြို့နယ်များတွင် လည်း မစိုက်ပျိုးနိုင်ခဲ့သည့် ဧကများရှိကြောင်း ရခိုင်ပြည်တောင်သူလယ်သမား သမဂ္ဂမှ အချက်အလက်များ အရသိရသည်။

https://www.facebook.com/westernnewsagency/posts/298673848605793

Leave a Reply

Your email address will not be published.