By Irrawaddy/ 2021 May 7
ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း များကို ပြန်လည် ဖွင့်လှစ်နိုင်ရန် အတွက် မေလ ၃ ရက်နေ့ အရောက် ဝန်ထမ်းများကို ခေါ်ယူခဲ့ရာတွင် အဆက်အသွယ်မရဘဲ ပျက်ကွက်သူ ဆရာ/မ ၂၅၀ ကျော်အထိ ရှိကြောင်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။
ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက “ကျောင်းကို လုံဝ မရောက်တာ ၂၅၀ ဝန်းကျင်လောက်ရှိတယ်။ တချို့ကတော့ လုံးဝ အဆက်အသွယ်မရဘူး။ တချို့လည်း ခရီးလွန် နေတယ်လို့ကြားတယ်။ တချို့ကလည်း မိသားစု ကျန်းမာ ရေးအခက် အခဲရှိတယ် အဲလိုမျိုးတွေတော့ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျောင်းပျက်ကွက်သူ ဆရာ/မ ၂၅၀ ကျော်အရေးနှင့်ပတ်သက်ပြီး အထက်ဌာန အဆင့်ဆင့်သို့ တင်ပြထားပြီး မည်သို့ ဆက်လက် ကိုင်တွယ် ဆောင်ရွက်သွား မည်ဆိုသည့်ကို လက်ရှိအချိန်အထိ တစုံတရာညွန်ကြားထားခြင်း မရှိသေးကြောင်း လည်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများကို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ကျောင်းပြန်လည်ဖွင့် လှစ်မည်ဖြစ်ကာ မေလ ၂၄ ရက်နေ့ကို ကျောင်း အပ်နှံရေး အဖြစ်သတ်မှတ်ကာ ဇွန်လ ၁ ရက်နေ့ တွင် စာသင်ကြားမည် ဖြစ်ကြောင်း လည်းပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။
ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေခြင်းမှာ ရခိုင်ပြည်နယ်တခုတည်း မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းဖွင့်ရန် ရုံးချုပ်က ညွန်ကြားထားခြင်း ဖြစ်ကြောင်းလည်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ဆက်ပြောသည်။
အမ်းမြို့နယ်အတွင်းက အလယ်တန်းပြဆရာမတဦးကတော့ မေလ ၃ ရက်နေ့ ကျောင်းသို့ လာရောက်ရန် ညွန်ကြားသည့်အတွက် တာဝန်ကျရာ ကျောင်းသို့ သွားရောက် လက်မှတ်ထိုးခဲ့ရကြောင်း ပြောသည်။
၎င်းက “ကျမတို့ မေလ ၃ ရက်နေ့က ကျောင်းကို အရောက်ခေါ်လို့ သွားတယ်။ ပြီးရင် လက်မှတ်ထိုးတယ်။ တိတိကျကျလည်း ဘာမှညွန်ကြားထားတာမရှိဘူး။ လက်မှတ်ထိုးပြီးရင် အိမ်ပြန်လာတယ်။ ကျောင်းအုပ်ကြီးက မြို့နယ် ပညာရေးမှူးကို ဖုန်းနဲ့ ပေးတယ်။ ဘာဆက်လုပ်ရမလဲ ဆိုပြီးမေးတယ်။ အခြေအနေကြည့်ပြီးသာနေလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျောင်းဖွင့်လှစ်မည်ဆိုပါက ဆရာ/မများ အဆင်သင့်ရှိနေသော်လည်း ကျောင်းသူ/သားများမှာ စစ်ပွဲ၊ ကိုဗစ်တို့ကြောင့် နှစ်ရှည်ကျောင်းနှင့် ကင်းဝေးသွားသည့်အတွက် တချို့ အထက်တန်းကျောင်းသူ/သားများမှာ အိမ်ထောင်ပင် ကျသွားကြပြီ ဖြစ်သလို တချို့ ကျောင်းသားများမှာလည်း ရွာမှ တခြားနေရာများသို့ ရောက်ရှိသွား ဖြစ်ကြောင်းလည်း ဆရာ/မများက ပြောသည်။
“ကျောင်းဖွင့်မယ်ဆိုရင် ဆရာ/ဆရာမတွေဘက်ကတော့ အဆင်သင့်ရှိတယ်။ ဒါပေမယ့် ကျောင်းသူ /သားတွေကတော့ ကျောင်းပိတ်တာ နှစ်ရှည်သွားတော့ တက်တက်ကြွကြွ မရှိကြတော့ဘူး။ တချို့ ၈ တန်း၊ ၉ တန်းကျောင်းသူ/သားတွေ ဆိုအိမ်ထောင် ကျသွားကြပြီ တချို့လည်း တခြားနေရာကို ရောက်ကုန်ကြပြီ” ဟု ဧရာဝတီသို့ပြောသည်။
စစ်ကောင်စီအစိုးရသည် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသော်လည်း အောက်ခြေကျောင်းများတွင် တိတိကျကျ ညွန်ကြားချက်မရှိဘဲ အလုပ်နှင့် ကင်းကွာနေသည့် ဆရာ/ဆရာမ အရေအတွက်ကိုသာ အဓိက စိစစ်လျှက် ရှိကြောင်း လည်း မြေပုံမြို့ နယ်မှ ဆရာမ တဦးက ပြောသည်။
မြေပုံမြို့နယ်က ဆရာမ တဦး က “ဆရာမတို့ကို မတ်လကုန်လောက်က သင်တန်းခေါ်တယ်။ သင်တန်း ၃ ရက် တက်ရတယ်။ ဘာမှလည်း မလုပ်ခဲ့ရဘူး။ ထိုင်နေရတာ။ သင်တန်းမှာ ပျက်ကွက်သူ စာရင်းကို အဓိက စစ်ဆေးပြီးတော့ ပြီးသွားတာပဲ” ဟု ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က ကျောင်းသားမိဘ တဦးကတော့ ပညာရေးသည် အရေးကြီးသည့်အတွက် ကျောင်းဖွင့်မည်ဆိုပါက ၎င်းတို့ သားသမီးများကို ကျောင်း သွားအပ်နှံမည် ဟု ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ၂၀၁၉ ခုနှစ်က စစ်ပွဲကြောင့် ကျောင်းသူ /သားများ အပြည့်အဝ စာသင်ကြားနိုင်ခြင်း မရှိသလို ၂၀၂၀ ခုနှစ်တွင်လည်း ကိုဗစ်ကြောင့် ကျောင်များဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ကျောင်းသား/သားများ ၂ နှစ်အထိ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသည်။
https://www.facebook.com/theirrawaddyburmese/posts/4465371953506922