By Western News/ 2021 May 12

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် အလုပ်သမား ၄၀ ဦး ထဲမှ ၄ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါအလုပ်သမား ၄၀ ဦးကို ယနေ့မေလ ၁၁ ရက်နေ့တွင် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ကိုယူကာ ကိုဗစ် စစ်ဆေးမှုများ ပြုလုပ်သည့်အချိန်တွင် အသက် ၅၀ ကျော်အရွယ်ရှိသည့် ၃ ဦးနှင့် အသက် ၆၀ ကျော် ၁ ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှုး ဒေါက်တာစိုးဝင်းပိုင်က Western News ကိုပြောသည်။
“ ကျွန်တော်တို့က နယ်စပ်ကုန်သွယ်ရေးသွားတဲ့သင်္ဘောတွေကို Quarantine ထားတယ်။ အခုကသင်္ဘော လေးစီး ကပ်လာတယ်။ နယ်စပ်ကုန်သွယ်ရေးကလာပြီးတော့ စစ်တွေကိုလာတယ်ပေါ့။ ဝင်လာတော့သူတို့က ကျွန်တော်တို့ကို အသိပေးတယ်။ ကျွန်တော်တို့က လူအယောက် ၄၀ ကို တို့ဖတ်တွေယူတယ်။ အဲထဲမှာ ၄ ယောက်တွေ့တာ”ဟု ပြောသည်။
လက်ရှိတွင်အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ကိုဗစ် ၁၉ ကူးစက်မှုမှာမြင့်တက်လာနေပြီး အိန္ဒိယနိုင်ငံသည် အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် ကိုဗစ်ကူးစက်ဖြစ်ပွားသေဆုံးမှုမှတ်တိုင်ကိုကျော်လွန်ခဲ့သည့် ဒုတိယနိုင်ငံ ဖြစ်လာကြောင်း NHK သတင်းဌာနက ကဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ ၄ ရက် တစ်ရက်အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားသူ ၁၉၁၄ ဦးနှင့် သေဆုံးသူ ၆၁ ဦးထိရှိကာ စုစုပေါင်းကိုဗစ်ကူးစက်ခံရသူမှာလည်း ၇၆၅၅၉၅ ဦးထိရှိလာခဲ့သလို သေဆုံးသူပေါင်းမှာလည်း ၁၁၇၀၅ ဦးထိရှိကြောင်း အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှူးချုပ်ရုံးက သတင်းထုတ်သည်။
တရားဝင်သတင်းအချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတွင် ကိုဗစ်ကြောင့်သေဆုံးမှုနှုန်းမှာ ယခုအခါတွင် ၁.၅၃ ရာခိုင်းနှုန်းထိရှိပြီး ပြန်လည်ကောင်းမွန်လာနှုန်းမှာ ၉၀.၇၈ ရခိုင်နှုန်းထိရှိသည်ဟု နယူးဒေလီသတင်းတွင်ဖော်ပြသည်။
https://www.facebook.com/westernnewsagency/posts/288722249600953