By Western News/ 2021 May 6
ရခိုင်တွင် တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသော ရခိုင်ကျောင်းသားများ၏ အမှုထဲမှ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်တရားစွဲဆွဲခံထားရသူသုံးဦးကို ယနေ့ မေလ ၆ က ဒဏ်ငွေချမှတ်လိုက်ကြောင်းအမှုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေ ကပြောသည်။
ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်တရားစွဲဆိုခံထားရသူများမှာ ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂမှကိုတိုးတိုးအောင်၊ ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေးတို့ ဖြစ်ကြပြီး ၄င်းတို့ ၃ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က ရခိုင်ပြည်နယ်အစိုးရုံးရှေ့တွင် ဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းမှ ရဲမှူးဇော်နိုင်ကတရားလိုပြုလုပ်ကာတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါသုံးဦးကို ယနေ့အပြီးသတ်အမိန့်ချမှတ်ရာတွင် ကျောင်းသားများမှ ငြိမ်းစုစီပုဒ်မ ၁၉ ကိုကျူးလွန်သည်ဟု ဝန်ခံသည့်အတွက် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က Western News ကိုပြောသည်။
“တရားစွဲဆိုခံထားရတဲ့ကျောင်းသားတွေထဲက ငြိမ်းစုစီနဲ့စွဲဆိုခံထားရတဲ့ကျောင်းသား သုံးဦးဟာ အမှုကိုကျူးလွန်ကြောင်းဝန်ခံတဲ့ အတွက် အမိန့်ချမှတ်လိုက်တယ်။ ဒဏ်ငွေနှစ်သောင်းချမှတ်လိုက်တယ်”ဟုပြောသည်။
ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားစွဲဆိုခံခဲ့ရသည့် ကိုတိုးတိုးအောင်က “ဒဏ်ငွေနှစ်သောင်းပေးဆောင်ခဲ့ရတယ်။ ကျနော်ကတော့ အမှုပြတ်သွားပြီ။ ကျန်တဲ့ကျောင်းသားတွေကတော့ အမှု ၂ ခုကိုဆက်လက်ရင်ဆိုင်သွားရအုံးမယ်”ဟုပြောသည်။
တပ်မတော်ကလူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ စစ်တွေမြို့ပေါ်တွင် ထပ်မံဆန္ဒပြမှုကြောင့်ပုဒ်မ ၂ ခုဖြင့်တရား ရင်ဆိုင်သွားရမည့်ကျောင်းသား ၄ ဦးမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေး တာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ်ရခိုင် ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်သည်။
အဆိုပါကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်ကစစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ၍ စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုပုဒ်မ ၂၉ စသည့်ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းအမှုတွင် စစ်ဆေးရန်ကျန်ရှိနေသည့် လိုပြသက်သေ ၅ ဦးထဲမှ ကျေးပင်ကြီးအုပ်ချုပ်ရေးမှူးနှင့် မောလိပ်အုပ်ချုပ်ရေးမှူးတို့ကို စစ်ဆေးခဲ့ပြီး သူတို့အနေဖြင့်အမှုအား သိရှိမှုမရှိကြောင်း ထွက်ဆိုခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က Western News ကိုပြောသည်။
“သူတို့နှစ်ဦးက ဒီအမှုနဲ့ပတ်သတ်ပြီးကျနော်တို့မသိဘူးဆိုပြီးထွက်ဆိုခဲ့တယ်။ လာမည့်ရုံးချိန်းကိုတော့ မေလ ၁၇ ရက်နေ့ကိုချိန်းဆို လိုက်တယ်”ဟုပြောသည်။
https://www.facebook.com/westernnewsagency/posts/284909203315591