By Western News/ 2021 May 24
ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(YAAS)” ကြောင့် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်၍ ရခိုင်ရှိစစ်ဘေးရှောင်စခန်းတစ်ချို့တွင် ယာယီတဲအိမ်များပြိုပျက်မှုရှိသည်ဟု စစ်ရှောင်စခန်း တာဝန်ခံများကပြောသည်။
ကျောက်တော်မြို့နယ်မှ အကြီးဆုံးစစ်ရှောင်စခန်းတစ်ခုဖြစ်သည့် ညောင်ချောင်းစစ်ရှောင်စခန်းတွင် မုန်တိုင်းကြောင့်ဖြစ်ပေါ်သည့် လေပြင်းတိုက်ခတ်မှုကြောင့် လူနေတဲအိမ် ၁၀ လုံးတွင် အိမ်ခေါင်မိုးများပွင့်သွားပြီး အိမ်သာ ၁ လုံး လေနှင့်ပါသွားကြောင်း အဆိုပါစစ်ရှောင်စခန်း၏ တာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။
“ညကလေပြင်းတွေကြောင့် စခန်းမှာအခက်အခဲတွေတော့ရှိပါတယ်။ လေကြောင့် စစ်ရှောင်နေအိမ် ၁၀ ကျော်ခေါင်မိုးတွေပွင့် သွားတယ်။ ပြီးတော့ အိမ်သာတစ်လုံးလေနဲ့ပါသွားတယ်။ အခုတော့ ဝါးနည်းနည်း ခေါင်မိုးလုံဖို့ အဆင်ပြေအောင်လုပ်နေရပါတယ်။”ဟုဆိုသည်။
စခန်းတွင် မိုးရာသီအမီပြုပြင်မှုများလုပ်နေခြင်းမှာလည်းအထောက်အပံ့များနည်း၍ တဲအိမ်အားလုံးကို မပြုပြင်နိုင်သေးကြောင်း သူကဆက်ပြောသည်။ ၎င်းစစ်ဘေးရှောင်စခန်းသည် စစ်ရှောင်ဦးရေ ၃,၀၀၀ ကျော် နှင့် အိမ်ထောင်စု ၈၀၀ ကျော်ရှိသောစစ်ရှောင် စခန်းတစ်ခုဖြစ်သည်။
မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးစစ်ဘေးရှောင်စခန်းတွင်လည်း မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် လေပြင်းတိုက်ခတ်မှုကြောင့် ယာယီတဲအိမ် ၆ လုံး ပြိုပျက်သွားကြောင်း ၎င်းစစ်ရှောင်စခန်း၏ပြန်ကြားရေး တာဝန်ခံ ကိုအောင်ဝင်းမြတ်ကပြောသည်။
“မနေ့ကလေပြင်းတွေတိုက်လို့ စခန်းက တဲအိမ် ၆ လုံးလောက်ပြိုသွားပါတယ်။ ပြိုသွားတဲ့အိမ်ကလူ တွေကတော့ စခန်းတွင်းက နီးစပ်ရာဆွေမျိုးတွေဆီမှာနေကြပါတယ်။ မိုးရာသီက အစပဲရှိသေးတာ တောင် ဒီလောက်ဖြစ်ရင် မိုးသဲပြီး လေပိုပြင်းလာရင်တစ်ခြား နေအိမ်တွေပါ ပြိုမယ်ထင်ပါတယ်”ဟုဆို သည်။
အဆိုပါ ကမ်းထောင်ကြီးစစ်ရှောင်စခန်းသည် ယမန်နှစ် မိုးရာသီအစလောက်ကပင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ငွေကြေးပိုင်းအခက် အခဲကြောင့် ယခုနှစ်အထိပြန်လည်ပြုပြင်နိုင်မှုမရှိသေးကြောင်းပြောသည်။
ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ယာစ်(YAAS)” သည်ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်ဘက် ရေမိုင် (၃၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၀၅) မိုင်ခန့်နှင့် ဒီဂါ (Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
https://www.facebook.com/westernnewsagency/posts/297253592081152