By Development Media Group (DMG)/ 2021 May 9
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်နိုင်ရေးအတွက် လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါက်တာတင်မာအောင်က DMG သို့ ပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြုလုပ်သည့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးနှင့်ပတ်သက်၍ ညှိုနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများရှိနေသော်လည်း သူမအနေဖြင့် လိုအပ်သည်များကို ဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုသည်။
သူမအနေဖြင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းကပင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း မပြီးပြတ်သေးသည့် ကိစ္စရပ်များကို သွားရောက်ဖြေရှင်းခြင်းသာဖြစ်ကြောင်း သူမကပြောသည်။
“ကျွန်မက အရင်ကတည်းက ဒီ UNESCO ဝင်ရေးနဲ့ပတ်သက်ပြီး လုပ်နေခဲ့တာ အခုဟာက ဒီကိစ္စက အဆုံးသတ်လုနီးပါး ဖြစ်နေတဲ့အတွက် လုပ်စရာရှိတာကိုသွားလုပ်ရတာဖြစ်တယ်။ အစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာဖြစ်တာဖြစ်တယ်။ သူတို့ပြောသမျှကို ခေါင်းညှိတ်ပြီး ပြန်လာခဲ့တာမဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်စရာရှိတာကို ဆက်လုပ်သွားရမှာပါပဲ” ဟု ဒေါက်တာ တင်မာအောင်က ပြောသည်။
လက်ရှိတွင် မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များမှာ တဖြည်းဖြည်း ပျက်စီးဆုံးပါးလာနေသည့်အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ပါက ပိုမိုကောင်းမွန်သည့် ထိမ်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။
“မြောက်ဦးဟာ တစ်နှစ်ထက်တစ်နှစ် ပျက်စီးလာနေတယ်။ ယဉ်ကျေးမှုနေရာတွေကို ကျူးကျော်မှုတွေလည်း များလာနေတယ်။ ဒါတွေကို စနစ်တနကျထိမ်းသိမ်းဖို့ဆိုရင် နိုင်ငံတကာရဲ့ ခေတ်မှီတဲ့ နည်းပညာအကူညီတွေ လိုတယ်။ အဲ့လို အကူအညီတွေရဖို့ UNESCO ဝင်အောင် အရင်ကြိုးပမ်းနေတာဖြစ်တယ်” ဟု ဒေါက်တာက ပြောသည်။
ထို့အပြင် မြောက်ဦးဒေသကို UNESCO ဝင်နိုင်ရေးအတွက် လိုအပ်သည့် အပြီးသတ်အဆိုပြုလွှာကို ဆက်ဆိုင်ရာ ဌာနဆိုင်ရာများထံသို့ သတ်မှတ်ချိန်အမီ ပေးပို့ခဲ့သော်လည်း သက်ဆိုင်ရာဌာနများက မြောက်ဦးဒေသတွင် တိုက်ပွဲများဖြစ်နေမှုနှင့် COVID -19 တို့ကြောင့် အချိန်တစ်နှစ်နောက်ဆုတ်ပေးရန် UNESCO သို့ ပန်ကြားစာ ပေးပို့ခဲ့သည့်အတွက် တစ်နှစ်ထပ်တိုးကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးယဉ်ကျေးမှု ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။
“ကျွန်မတို့အနေနဲ့ အချိန်တစ်နှစ်နောက်ဆုတ်ခံခဲ့ရတယ်။ ဒါကြောင့် ဒီတစ်ခါ အရင်ပထမတုန်းက တင်ခဲ့တဲ့ အပြီးသတ်အဆိုပြုလွှာထက် ပိုပြီး ပြီးပြည့်စုံတဲ့ အဆိုပြုလွှာမူကို ရေးဆွဲပြီးတင်ပြသွားမယ်။ ဒီအတွက်လည်း သက်ဆိုင်ရာဌာနဆိုင်ရာတွေရဲ့ အကူအညီကို ရယူရမှာပါပဲ” ဟု သူကဆိုသည်။
ပိုမိုပြီးပြည့်စုံသော အပြီးသတ်အဆိုပြုလွှာကို တစ်နှစ်အတွင်းအပြီးဆောင်ရွက်ကာ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် UNESCO သို့ တင်သွင်းသွားမည်ဖြစ်ပြီး UNESCO မှ စက်တင်ဘာလတွင် လာရောက်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မဝင်ကို ၂၀၂၃ ခုနှစ်တွင် သိရမည်ဟု ဒေါ်ခင်သန်းက ရှင်းပြသည်။
လက်ရှိတွင် မြောက်ဦးရှိ ပုရား၊ ပုထိုး၊ စေတီများတည်ရှိရာ တောင်ကုန်းတောင်တန်းများပေါ်တွင် နေရာယူကျူးကျော်ထားမှုများရှိနေခြင်း၊ ပုထိုးတော်များ ယိုယွင်းလာနေခြင်းတို့ကြောင့် UNESCO ဝင်ရောက်ရေးကို အမြန်ဆုံးဖြစ်စေလိုမိကြောင်း မြောက်ဦးမြို့ဒေသခံလူငယ်တစ်ဦးဖြစ်သူ ကိုခိုင်မင်းသျှန်ကဆိုသည်။
“လက်ရှိ ဘုရားပုးထိုးစေတီတွေမှာ တပ်က နေရာယူတာတွေ၊ ဗျူဟာကုန်းပုံစံမျိုး၊ အမြောက်တွေဆင်တာတွေ၊ ဘန်ကာတွေ တူးတာတွေရှိနေတယ်။ ဒါကို ဘယ်အစိုးရကမှလဲ ထိထိရောက်ရာက် မကိုင်တွယ်ပေးနိုင်ကြဘူး။ တကယ်လို့ UNESCO ဝင်သွားခဲ့ရင်တော့ မြောက်ဦးရဲ့ လက်ရှိ အခင်းအကျင်းကို ကမ္ဘာက သိသွားမှာပေါ့” ဟု သူကဆိုသည်။
ရခိုင်ပြည်နယ်ရှိ ဘုရားပုထိုးများတည်ရှိရာ တောင်ကုန်းတောင်တန်းများပေါ်တွင် တပ်မတော်မှ နေရာယူတပ်စွဲထားကြောင်း ဒေသခံများက အခိုင်အမာ ပြောဆိုနေကြသော်လည်း ထိုသို့ တပ်စွဲထားခြင်းမျိုးမရှိကြောင်း တပ်မတော်ဘက်မှ သတင်းစာရှင်းပွဲတွင် ဖြေကြားထားသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ထားသည့်နေရာ ၄၇ ခု ရှိနေပြီး မြောက်ဦးမြို့သည် ရခိုင်လူမျိုးတို့၏ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ကာ မြောက်ဦးမြို့ကို မြန်မာနိုင်ငံအစိုးရမှ ၁၉၉၆ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ကြောင်း ကြေညာခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/2009460555873012