By Western News/ 2021 May 6
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ သောက်သုံးရေကန်ကြီးတစ်ခုဖြစ်သည့် လက်ဆည်ကန်၌ စွန့်ပစ်အမှိုက်များကြောင့် ရေကန်မှာညစ်ညမ်း လျှက်ရှိကြောင်းဒေသခံများကပြောသည်။
စွန့်ပစ်အမှိုက်များမှာ ရေကန်အနီးတွင် သောက်စားအပန်းဖြေကြရာမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့်ဖြစ်ရခြင်းဖြစ်ပြီး ကန်အနီးပတ်ဝန်းကျင်တွင်လည်း ကျွှဲနွားတိရိစ္ဆာန်များကျက်စားမှုများရှိ နေကာ စိုက်ပျိုးရေးလည်းလုပ်ဆောင်နေကြကြောင်း မြောက်ဦးလူငယ်များအစည်းအရုံးမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရွှေသန်းကျော်ကဆိုသည်။
“အဓိကလူငယ်တွေက အဲနားမှာသောက်စားအပန်းဖြေကြရာကနေ စွန့်ပစ်အမှိုက်တွေများလာတာပါ။ နောက်ပြီး ကန်နားတစ်ဝန်းက စိုက်ပျိုးရေးသမားတွေရှိတော့ ရေကန်ဘေးမှာကျွဲနွားတိရိစ္ဆာန်တွေကျက်စားတာတွေလည်းရှိ တယ်”ဟုပြောသည်။
အဆိုပါကန်ကြီးမှာ မြို့နယ်ရှိလူအားလုံး၏ အားထားနေရသောသောက်ရေကန်ကြီးဖြစ်ပြီး ကန်ရေညစ် ညမ်းမှုဖြစ်စေမည့် အရာများအား တားဆီးရန်လိုအပ်နေသလို လူငယ်များအနေဖြင့်လည်းအမှိုက်နှင့် ပတ်သက်၍ အသိပညာများ ရှိရန်လိုအပ်ကြောင်း သူကဆက်လက်ပြောကြားသည်။
စွန့်ပစ်အမှိုက်များမှာ တစ်ခါသုံးပလပ်စတစ်အိပ်၊ ဘီယာဘူးနှင့်ပုလင်း၊ တစ်ခါသုံးဖော့ဘူး၊ ရေသန့်ဘူး၊ ဆေးထိုး အပ်များနှင့် တစ်ခြားစွန့်ပစ်ပစ္စည်းအများအပြားရှိပြီး ယင်းအထဲတွင် ဘီယာဘူးခွံနှင့် တစ်ခါသုံးပလပ်စတစ်အိပ်စွန့် ပစ်မှုမှာ အများဆုံးဖြစ် ကြောင်းသိရသည်။
မြို့နယ်စည်ပင်မှလည်း ကန်၏ သန့်ရှင်းမှုပိုင်းနှင့်ပတ်သက်၍ ကန်ပတ်ပတ်လည်အားနေ့စဉ်အမှိုက်ကောက်ယူမှု များပြုလုပ်ပေးပြီး ကန်အနီးတွင် စိုက်ပျိုးရေးလုပ်ခြင်းနှင့်ပတ်သက်၍ တရားဝင်တားဆီးထားသော်လည်း လိုက်နာမှုမရှိဟုမြို့နယ်စည်ပင်သာယာမှ ဒုဦးစီး ဦးမောင်မောင်ကဆိုသည်။
“ကန်သန့်ရှင်းရေးပိုင်း အနေနဲ့နေ့စဉ်အမှိုက်ကောက်တာမျိုးတော့ပြုလုပ်ပေးတယ်။ ကန်အနီးမှာ စိုက်ပျိုးရေးမလုပ် ဖို့လည်းရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် တရားဝင်တားထားတာတွေရှိပါတယ်။ တားဆီးရတာကတော့ ကန်ရေညစ်ညမ်းမှုမရှိစေရေး အတွက်ပါပဲ။ ဒါပေမယ့် သူတို့ရဲ့စားဝတ်နေရေးအရလိုက်နာမှုအားနည်းတာလို့ ထင်တယ်” ဟုသူကပြောသည်။
မြို့နယ်စည်ပင်အနေဖြင့် အမှိုက်များကိုစနစ်တကျစွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထားရှိသော်လည်း လူအများက စည်းကမ်းလိုက်နာမှု အားနည်းကြောင်းနှင့် ကန်ရေမှာမြို့နေလူထု၏ ၈၅ ရာခိုင်နှုန်းကအားထားနေရသော သောက်သုံးရေကန်ကြီးဖြစ်ခြင်းကြောင့် ကန်ရေမညစ်ညမ်းရေးကို ဝိုင်းဝန်းလုပ်ဆောင်စေလိုကြောင်း ဆက်လက် ပြောကြားသည်။
အဆိုပါလက်ဆည်ကန်ကြီးသည် အလျား ၁ ကီလိုမီတာ၊ အကျယ် ၂၅၀ မီတာ ရှိပြီး မြောက်ဦးတစ်မြို့လုံးက အဓိကသောက်ရေကန် အဖြစ်အားထားရသော ရေကန်ကြီးတစ်ကန်လည်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/284876729985505