မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အဆိုပြုလွှာကို လာမည့်နှစ်တင်သွင်းနိုင်ရန် ဆောင်ရွက်မည်

By Development Media Group (DMG)/ 2021 May 7

ရခိုင်ပြည်ရှိ ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အပြီးသတ်အဆိုပြုလွှာကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ယင်းအဆိုပြုလွှာ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့် အပိုင်းများကို ၂၀၂၁ ခုနှစ် မေလမှ ဒီဇင်ဘာလ အတွင်း  Review Update အပြီးသတ်ဆောင်ရွက်မည်ဟု ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာန(ခွဲ)မှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက DMG သို့ ပြောသည်။ 

“၂၀၂၁ မှာလည်း ကျနော်တို့ အတိုင်းအတာတစ်ခုထိ ပြီးစီးခဲ့တယ်။ ၂၀၁၉ ကတော့ မူကြမ်းကို တင်ပြီးသွားပြီ။ အခုက ၂၀၂၂ ဇန်နဝါရီမှာတင်နိုင်အောင်အတွက်  အရင်တုန်းက ပြင်ဆင်ထားတဲ့ဟာကို ပိုပြီးတော့ ပြည့်စုံအောင် ပြင်ဆင်ဆောင်ရွက်ရမဲ့အပိုင်းတွေ လုပ်ဆောင်ရမှာဖြစ်တယ်။ ယူနက်စကို ကို တင်သွင်းဖို့ လိုအပ်တဲ့ အထောက်အထားတွေပေါ့။ ပြင်ဆင်စရာတွေကိုလည်း သက်ဆိုင်ရာပညာရှင်တွေက လာရောက်ပြီး စိစစ်ပြီးတော့ ဇွန်လလောက်ဆိုရင် စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ ” ဟု ဆိုသည်။

မြောက်ဦးဒေသအား ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ် (ယူနက်စကို) စာရင်းဝင်နိုင်ရေးအတွက် အပြီးသတ်အဆိုပြုလွှာကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းရမည်ဖြစ်သော်လည်း ကိုဗစ်နှင့် ဒေသမတည်ငြိမ်မှုများကြောင့် နယ်မြေကွင်းဆင်းစစ်ဆေးနိုင်ခြင်းမရှိခဲ့သည့်အတွက် တစ်နှစ်နောက်ဆုတ်ခဲ့ရသည်။

ထို့ကြောင့် လက်ရှိအခြေနယ်မြေဒေသ တည်ငြိမ်နေသည့်အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံများ အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် လိုအပ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မြောက်ဦးဌာန (ခွဲ) မှ ညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက တိုက်တွန်းသည်။

“ဒီလို လုပ်ဆောင်တဲ့အခါမှာ နယ်မြေငြိမ်းချမ်းနေဖို့ကတော့ ပထမပေါ့နော်။ ဒီဒေသမှာရှိတဲ့ အုပ်ချုပ်မှုအပိုင်းတွေ၊ နယ်မြေခံတွေ၊ အသင်းအဖွဲ့အစည်းတွေကတော့ ဒီအပေါ်မှာ ဝိုင်းဝန်းပူးပေါင်းပြီး နားလည်မှုနဲ့ နေထိုင်ကြမယ် ဆိုရင်တော့ ကျနော်တို့လည်း လုပ်ဆောင်ရတဲ့အပိုင်းမှာ ပိုပြီးအားရှိတာပေါ့ဗျာ။ အဲဒီလိုမျိုး အောင်မြင်သွားတဲ့ အချိန်ကျမှသာ မြောက်ဦးမြို့အနေနဲ့လည်း ခရီးသွားလုပ်ငန်းတွေ၊ စီးပွားရေးတွေ ပိုပြီးတော့ အောင်မြင်လာမယ်၊ နိုင်ငံတကာကလည်း ပိုပြီးတော့ သိလာမှာ ဖြစ်တယ်။ ” ဟုဆိုသည်။

မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) ဝင်ရောက်နိုင်ရေး အဆိုပြုလွှာ (မှုကြမ်း) ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရမီမြို့၊ UNESCO  World Heritage Center သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမတည်ငြိမ်ခြင်း၊ ဒေသတွင်း ဌာနဆိုင်ရာများမှ ရှေး/သုဌာနကို အကြောင်းမကြားဘဲ လမ်းများဖောက်လုပ်ခြင်း၊ အဆောက်အဦးများ တည်ဆောက်ခြင်းကို လုပ်ဆောင်မှုများရှိနေသဖြင့် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်နေရသည်ဟု မြောက်ဦးရှေးဟောင်းယဉ်မှုအမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့ ဒု-ဥက္ကဌ ဦးသန်းမြင့်က ပြောသည်။

“ အုပ်ချုပ်ရေးယန္တရားကောင်းဖို့လိုတယ်။ ကမ္ဘာ့အမွေအနှစ်လုပ်ဖို့အတွက် တည်ငြိမ်ဖို့လိုတယ်။ နံပါတ်တစ်က အုပ်ချုပ်ရေးကမတည်ငြိမ်။ အရင်ကရှေးဟုက သြဇာရှိတယ်။ အခု ရှေးသုဌာနကို မလိုက်နာကြတော့ဘူး။ နောက်တစ်ခုက ဌာနဆိုင်ရာတွေကတောင် မလိုက်နာကြဘူး။ မြောက်ဦးကို ရှေးသုတစ်ခုတည်း အုပ်ချုပ်နေတာမဟုတ်ဘူး။ ဌာနပေါင်း ၃၀ လောက်ရှိတယ်။ အဲဒီဌာနတွေက ကိုယ့်ဌာနနဲ့ကိုယ် ပရောဂျက်တွေတင်ကြတယ်။ အဲဒီမှာ တည်ဆောက်ရေးလုပ်ငန်းတွေ၊ လမ်းစီမံကိန်းတွေ ပါလာတယ်။ အဲဒါတွေအားလုံးဟာ အမွေအနှစ်ထဲမှာဖြစ်နေတယ်။ အမွေအနှစ်ဇုန်ထဲမှာ လူနေရပ်ကွက်ရှိနေတဲ့အခါ အဲဒီလိုမျိုး လုပ်မယ်လို့တင်ရန် ရှေးသုဌာနက သဘောထားလိုတယ်။ အဲဒီလိုမဟုတ်ဘဲ သာမန်ဌာနတစ်ခုက အဲဒီလိုမျိုး သဘောထားမတောင်ဘဲ လုပ်လိုက်တာဟာ အမွေအနှစ်ကို ထိခိုက်စေတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် မြောက်ဦးဒေသအတွင်းမှ ရှေးဟောင်းဘုရား၊ ပုထိုးများပျက်စီးမှုအချို့ရှိခဲ့ပေသည်။ 

၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ အစိုးရသက်တမ်း (၅)နှစ်တာ ကာလအတွင်း မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှလည်း ထုတ်ပြန်ထားသည်။ 

https://www.facebook.com/dmgnewsagency/posts/2007816569370744

Leave a Reply

Your email address will not be published.