မြောက်ဦးဒေသတွင် တိုက်ပွဲကာလဘုရားပုထိုးပျက်စီးမှုနှင့် ရှေးဟောင်းမြေနေရာတို့၌ နေရာယူထားမှုတို့မှာ UNESCO ဝင်ရေးတွင်အနှောင့်အယှက်ဖြစ်

By Western News/ 2021 May 18

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တိုက်ပွဲကာလ၌ ဘုရားပုထိုးတို့အပျက်အစီးရှိခဲ့မှုနှင့် ရှေးဟောင်းမြေနေရာ တို့တွင် နေရာယူထားမှုတို့ရှိနေခြင်းမှာ UNESCO ဝင်ရေးအတွက်အနှောင့်အယှက်ဖြစ်နိုင်ကြောင်းမြောက်ဦးရှေ့ ဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှပြောသည်။

ထိုကဲ့သို့ဘုရားပုထိုးအပျက်အစီးများနှင့် ရှေးဟောင်းဧရိယာအတွင်းနေရာယူထားမှုတို့အတွက် ဘက်စုံလွှမ်းမိုး မှုစီမံခန့်ခွဲရေး အစီအစဉ်များကိုရေးဆွဲရန်ပြင်ဆင်နေပြီး ထိုအထဲတွင် အရေးယူနိုင်မည့်အချက်များကိုလည်းထည့် သွင်းသွားမည်ဖြစ်ကြောင်းနှင့် ၁ နှစ်အတွင်းအပြီးရေးဆွဲရန်ပြင်ဆင်နေသည်ဟု မြောက်ဦးရှေ့ဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

“တိုက်ပွဲကာလ ဘုရားပုထိုးတွေပျက်စီးတာ၊ ရှေးဟောင်းနေမြေတွေအတွင်းနေရာယူထားမှုတွေရှိနေတာက UNESCO ဝင်ရေးမှာအနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ကျွန်မတို့ဘက်က ဘက်စုံလွှမ်းမိုးမှုစီမံခန့်ခွဲရေး အစီအစဉ်တွေရေးဆွဲဖို့ပြင်ဆင်နေပါတယ်။ အဲဒီအထဲမှာ Action Plan တွေကိုလည်းထည့်သွင်း သွားဖို့ပြင်ထားပါတယ်။ ခုကတော့ပြင်ဆင်တုန်းပါ ၁ နှစ်အတွင်းပြီးအောင်လုပ်သွားဖို့တော့စီစဉ်ထားပါတယ်”ဟု သူကဆိုသည်။

အပျက်အစီးရှိသည့် ဘုရားပုထိုးများစာရင်းကိုလည်း တစ်နှစ်အတွင်းစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်းဆက်လက် ပြောကြားသည်။

မြောက်ဦးဒေသကမ္ဘာ့အမွေနှစ်စာရင်းဝင်ရေးအတွက် မေလ ၆ ရက်နေ့၌ ရန်ကုန်တွင်ပြုလုပ်ခဲ့သောအစည်းဝေးရ လဒ်ပေါ်အခြေခံ၍ ပြည်နယ်တွင်အစည်းဝေးကျင်းပရန်ရှိကြောင်းနှင့် ဒေသခံများအားလည်း ဥပဒေပိုင်းဆိုင်ရာနှင့် အသိပညာပေးဝေမှုများကို ပြုလုပ်နိုင်ရန် ကော်မတီဖွဲ့စည်းရန်ရှိကြောင်း မြောက်ဦးရှေ့ဟောင်းသုတေသန၏ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းကပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မှာလုပ်ခဲ့တဲ့ မေလ ၆ ရက်နေ့ကအစည်းအဝေးရလဒ်တွေကိုအခြေခံလို ကျွန်တော်တို့ အနေနဲ့ ပြည်နယ်မှာ အစည်းအဝေးကျင်းပဖို့အစီအစဉ်ရှိပါတယ်။ ပြီးတော့ဒေသခံတွေအနေနဲ့ သိရှိရမယ့်အရာတွေ၊ လိုက်နာရမယ့် ဥပဒေပိုင်းဆိုင်ရာတွေအတွက် ကျွန်တော်တို့ဘက်က အသိပညာပေးတာတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေလုပ်ဖို့ ကော်မတီဖွဲ့စည်းဖို့လည်းလုပ်နေပါတယ်။ လုပ်ဆောင်ရမယ့်အရာတွေကိုတော့လုပ်ဆောင် နေပါပြီ။ ညှိနှိုင်းရမယ့် အပိုင်းပဲကျန်ပါတော့တယ်”ဟုဆိုသည်။

ရှေးဟောင်းမြေနေရာများတွင် ကျူးကျော်ထားမှု၊ တည်နေရာယူထားမှုတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး တစ်ချို့ဒေသခံများအနေဖြင့်လည်း စည်းကမ်းမလိုက်နာမှုများရှိ ကြောင်း၊ သို့ဖြစ်၍ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့အနေနှင့်လုပ်ဆောင်ရာတွင်အခက်အခဲများရှိနေကြောင်း ဆက်လက်ပြောသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားလျှင် ခရီးသွားလုပ်ငန်းများလည်းတွင်ကျယ်လာမည်ဖြစ်ပြီး မြောက်ဦး မြို့တစ်ခုတည်းသာမက ရခိုင်တပြည်လုံးအတွက်အကျိုးရှိမည်ဖြစ်ကြောင်း မြောက်ဦးဒေသခံတစ်ဦးဖြစ်သည့် ကိုခိုင်မင်းသျှင်ကဆိုသည်။

“ဒီလိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားရင် ခရီးသွားလုပ်ငန်းတွေတွင်ကျယ်လာမှာဆိုတော့ မြောက်ဦးမြို့ရောရခိုင် တပြည်လုံး အတွက်ပါကောင်းကျိုးဖြစ်စေမှာပါ။”ဟုပြောသည်။

မြောက်ဦး UNESCO ဝင်ရေးအဆိုပြုလွှာကို ၂၀၁၉ ခုနှစ်ကမူကြမ်းတစ်ကြိမ်တင်သွင်းခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်အပြီး သတ်အဆို တင်သွင်းခဲ့သော်လည်း ဒေသတွင်းတိုက်ပွဲအခြေနေနှင့် Covid ရောဂါအခြေအနေတို့ကြောင့် တစ်နှစ် နောက်ဆုတ်ခံခဲ့ရကာ ယခုအဆိုကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တင်သွင်းမည်ဖြစ်ကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/292787415861103

Leave a Reply

Your email address will not be published.