By Western News/ 2021 May 18

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၌ မေလ ၁၉ ရက်နေ့မှ မေလ ၂၀ ရက်နေ့ အထိ ၂ ရက်ကြာ ခေတ်မီလက်နက်များကို လေ့ကျင့်ပစ်ခတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ ကျေးရွာစီမံအုပ်ချုပ်ရေးကောင်းစီများသို့ အကြောင်းကြားစာပေးပို့ထားသည်။ ယင်းကဲ့သို့ ၂ ရက်ကြာ ခေတ်မီလက်နက်များပစ်ခတ်လေ့ကျင့်မည့်အပေါ်ဒေသခံများ အသံအား Western News မှဖော်ပြလိုက်ပါသည်။
ဦးထွန်းသာစိန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း) မြောက်ဦးမြို့နယ်၊
အမြောက်စမ်းသပ်ပစ်ခတ်ဖို့တော့ကြားတယ်။ အဲ့ဒီလိုစာထုတ်တဲ့နေ့က စပြီးပြည်သူတွေစိုးရိမ်မူတွေရှိနေကြ တယ်။ ရွာတွေမှာတော့ ရွာဆော်နဲ့ဟော ထားကြတယ်။ မေလ ၁၉ ရက်၂၀ ရက်တွေမှာ ဆင်အိုးအုပ်စု၊ ရွာဟောင်း တောအုပ်စုနဲ့လက်ကောက်စျေးအုပ်စုတွေမှာ ရှိကြတဲ့ရွာတွေမှာပြည်သူ တွေကိုတော၊တောင်၊ချောင်း၊မြစ်တွေကို မသွားကြဖို့ ရွာဆိုတွေနဲ့အော်ခိုင်း ထားတယ်လို့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကပြောတယ်။ အဲဒီအပေါ်မှာ စိုးရိမ်မှု တွေရှိကြတာပေါ့။ အမှန်ကတော့ အဲဒီနေရာတွေဟာ သေနတ်စမ်းသပ်ပစ်ခတ်တဲ့ စစ်ပစ်ကွင်းလည်းမဟုတ်ဘူး။
နောက်ပင်လယ်ပြင်လည်း မဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့် ဒီလိုစမ်းသပ်ပစ်ခတ်တာဟာ ပြည်သူတွေအနေနဲ့ အနည်းအများ စိုးရိမ်းမှုတွေ ရှိနေတယ်။နောက်ပြီး မပေါက်ကွဲသေးဘဲ ဗုံးလက်ကျန်တွေသာ ကျန်ခဲ့မယ်ဆိုရင် တောင်သူတွေ အနေနဲ့လည်း မိုးဦးကျလုပ်ကိုင်စားသောက် တဲ့အချိန်မှာမလိုလားအပ်တဲ့ အန္တရာယ်တွေဖြစ်လာနိုင်တယ်လို့လည်းယူဆတယ်။ အခုကတော့ ပေါက်သံလည်းမကြား၊ ကွဲသံလည်းမကြား၊ မိုင်းသံလည်း မကြားရတော့ ပြည်သူတွေအနေနဲ့ စိတ်နှလုံးတွေထဲ မှာငြိမ်းချမ်းအေးချမ်း နေတယ်ဟု ယူဆရတယ်။ နောက်ထပ်ပေါက်သံ တွေလည်းဖြစ်လာမှာကိုလည်း ပြည်သူတွေအနေနဲ့ မလိုလားဘူး။ အဲဒီအပေါ်မှာ နောက်ထပ်တစ်ဖက်နဲ့ တစ်ဖက်တင်းမာပြီးတော့ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြတယ်။
အမ်းသားကြီး(ဥက္ကဌ) သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့၊
ပြည်သူတစ်ယောက်အနေနဲ့တော့ လုံးဝလက်မခံနိုင်တဲ့အကြောင်းအရာတွေဖြစ်တယ်။ သူတို့မှာဘယ်လောက်ထိ ခေတ်မီလက်နက်တွေ ရှိတယ်ဆိုတာစဉ်းစားကြည့်ရင်သိတယ်။ ရခိုင်မှာတိုက်ပွဲဖြစ်နေတုန်းကလည်းသူတို့ AA ကိုခေတ်မီလက်နက်တွေနဲ့ဖြို ခွင်းခဲ့တာပဲ။ အခုကသူတို့လက်နက်ပစ်ခတ်လေ့ကျင့်ဖို့အတွက် ရွာသားတွေကို သတိပေးလာတယ်ဆိုတော့ ကျနော်တို့ကလက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ပြီးတော့ ဒီလို ရခိုင်မှာတည်ငြိမ်အေးချမ်းနေတဲ့အချိန်မှာ ဒီကိစ္စတွေကိုမလုပ်သင့်ဘူးလို့မြင်တယ်။ ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာလည်း ဆူပူမှုတွေဆက်တိုက်ဖြစ်နေတယ်။ မြန်မာ့တပ်မတော်ကိုလည်း မြန်မာနိုင်ငံသူ၊ သားတွေက အမြင်စောင်းပြီး အမုန်းပွားမုန်းတီးနေကြတာဆိုတော့ ဒီလိုခေတ်မီလက်နက်ပစ်ခတ်လေ့ကျင့်မှုကို လုံးဝမလုပ်သင့်ပါဘူး။
မြောက်ဦး ဒေသခံတစ်ဦး
ကျွန်တော်တို့ လက်ရှိအခြေနေက စစ်ရေး ကာလလည်း လက်တလောတည်ငြိမ်နေတာပေါ့ ။ ဒေသခံတွေလည်း တောင်ယာတွေမှာ ထင်းခုတ်၊သစ်ဝါးခုတ်ကြတာလည်းရှိကြတယ်။ နောက်တစ်ခုက လယ်ယာ ကျွန်းကိုင်းလုပ်နေကြတာလည်း ရှိကြတယ်။ မိုးရာသီလည်း ရောက်တော့မယ်ဆိုတော့လယ်သမားတွေ အတွက်လည်း စိုးရိမ်စရာတွေ ရှိတာပေါ့။ တကယ်လို့သာ စမ်းသပ်ပစ်ခတ်တယ် ဆိုရင်လည်း ပေါက်ကွဲမှုတွေလည်း ရှိကောင်းရှိနိုင်သလို မပေါက်ကွဲသေးဘဲ ကျန်ခဲ့မယ်ဆိုရင် ဒေသခံတွေက သစ်ဝါးခုတ်သွားရမှာ ဆိုတော့ စိုးရိမ်မှုတွေ ရှိတာပေါ့။ နောက်တစ်ဖက် အခုလိုငြိမ်နေတဲ့အချိန်မှာ အခွင့်ရေးယူသလိုဖြစ်နေတယ်။ စိုးရိမ်မှုက နောက်ထပ် အခြေနေတစ်ခုမှာ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေကြားလာရမှာ တော့ သူတို့တိုက်ပွဲကျမှာ စိုးရိမ်မှုတွေရှိကြတယ်။ တကယ်လို့ပစ် ခတ်တယ်ဆိုရင် ဘယ်လောက်ပစ်ခတ်တယ်။ ဘယ်လောက်က ပေါက်ကွဲခဲ့တယ်။ ဘယ်လောက်က မပေါက်ကွဲဘူး။ မပေါက်ကွဲဘူးဆိုရင်တော့ အဲဒီပစ်ခတ်ခဲ့တဲ့ နေရာတွေကို ရှင်းလင်းမှုတွေပြုလုပ်သင့်တယ်။
ဦးခိုင်ကောင်းစံ(အမှုဆောင်ဒါရိုက်တာ) ဝံလက်ဖောင်ဒေးရှင်း
ကျနော်လည်းလူမှုကွန်ရက်သတင်းမှာတွေ့တယ်။ အမှန်မှာတော့ လက်နက်တွေစမ်းတယ်ဆိုတာက စက်ပစ်ကွင်းတွေမှာပဲ စမ်းသတ်ပစ်ခတ်ရမယ်။ ပြီးတော့ လက်နက်စမ်းမယ်ဆိုရင်တာတို၊ တာဝေးရှိတယ်။ တာတိုဆိုရင်တော့ ပြဿနာမရှိဘူး။ သူတို့မှာ သတ်မှတ်ထားတဲ့ ပစ်ကွင်းတွေရှိမယ်။ တောတောင်ကြားတွေ စသည်အားဖြင့်ရှိမယ်။ အမှန်ကတော့ လက်နက်စမ်းတယ်ဆိုတာက လက်နက်ကိုင်တွေလုပ်လေ့လုပ်ထရှိတဲ့အရာတွေဖြစ်တယ်။ အထူးသဖြင့် အရင်ကဆိုရင်တော့ သတ်မှတ်ထားတဲ့စက်ပစ်ကွင်းတွေမှာဘဲ လက်နက်တွေဟောင်းနွမ်းနေပြီလား။ ပုံမှန်အလုပ်လုပ်နိုင်သေးလား စသည်အားဖြင့်ပေါ့။ ဒီလိုဆိုရင်တော့ ကြီးမားတဲ့ပြဿနာတွေရှိမှာ မဟုတ်ဘူး။ ဒီလိုမဟုတ်ဘဲ လက်နက်ကြီးတွေစမ်းသတ်ပစ်ခတ်မယ်ဆိုရင်တော့ ပြည်သူတွေအတွက်အထိတ်တလန့်ဖြစ်စေတဲ့အရာတွေ ဖြစ်လာနိုင်တယ်။
ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) မြေပုံမြို့နယ်
ရခိုင်ပြည်အနေအထားအရ စစ်ပွဲတွေဟာ ၂ နှစ်ကျော်လောက်ပြင်းပြင်းထန်ထန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒီလိုတည် ငြိမ်နေတဲ့ အနေအထားတစ်ခုကို ရောက်ရှိလာတယ်။ ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ ဟာလည်း နားလည်မှုအရ စစ်ပွဲတွေကို ရပ်တန့်ထားတယ်။ ပြည်သူတွေကလည်းအချိန်မရွေး ပြန်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်။ တစ်နည်းအားဖြင့် ဒေသတွေမှာ စစ်ကျန်လက်နက်တွေ ပေါက်ကွဲနေတယ်။ စစ်ဘေးရှောင်တွေကလည်း နေရပ်မပြန်နိုင်သေးဘူး။ အဲ့ဒီလို တိုက်ပွဲရဲ့ ဒဏ်တွေကို ခံစား ခဲ့ရတဲ့ ပြည်သူတွေဟာ ခုလိုလက်နက်ကြီးတွေ ပစ်ခတ်တဲ့အပေါ်မှာ စိုးရိမ်မှုတွေ ရှိကိုရှိနိုင်တယ်။ တိုက်ပွဲ မဖြစ်ပွားဘဲ လက်နက်ကြီးစမ်းသပ်တယ်ဆိုစေဦး ရက္ခိုင့်တပ်တော်ဖက်ကတော့ စောင့်ကြည့်မှာပဲ။ တစ်ဖက်ကို တစ်ဖက် သံသယစိတ်တွေဖြစ်လာရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပျက်စီးသွားနိုင်တယ်။ အဲ့ဒါကြောင့် ခုချိန်မှာ လက်နက်ကြီးစမ်းသတ်တာတွေ နယ်မြေကျူးကျော် တာတွေတော့ မလုပ်သင့်ဘူး။ မစမ်းသတ်လို့ရရင်တော့ မစမ်း သတ်တာတော့ ကောင်းပါတယ်။ ပြည်သူတွေကလည်း ဒီအပေါ်မှာ စိုးရိမ်နေကြတယ်။ ကျွန်တော်တို့အနေနဲ့တော့ တပ်မတော်က ခုလိုလုပ်ရပ်ကိုတော့မဖြစ်သင့်ဘူးလို့မြင်ပါတယ်။
https://www.facebook.com/westernnewsagency/posts/292726599200518