မြောက်ဦးတွင် ၂ ရက်ကြာခေတ်မီလက်နက်များလေ့ကျင့်ပစ်ခတ်မှုကို ပြန်လည်ရုပ်သိမ်း

By Western News/ 2021 May 18

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၌ မေလ ၁၉ ရက်နေ့မှ မေလ ၂၀ ရက်နေ့ အထိ ၂ ရက်ကြာ ခေတ်မီလက်နက်များပစ်ခတ်လေ့ကျင့်မှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ယနေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဖုန်းဆက်အကြောင်းကြားလာသည်ဟု သိရသည်။

ခေတ်မီလက်နက်များ‌လေ့ကျင့်ပစ်ခတ်မှုကိုပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းကို မြောက်ဦးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ ဒု- ဦးစီးမိုးကျော်သူက ဆင်အိုးအုပ်စု ကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဌ ဦးစိန်လှမောင်အား ဖုန်းဆက်အကြောင်းကြားလာခြင်း ဖြစ်သည်ဟု ဦးစိန်လှမောင်ကပြောသည်။

“ ဒီနေ့ နံနက်ပိုင်းလောက်မှာပဲ ဒု ဦးစီးမိုးကျော်သူက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ သူက ခေတ်မီလက်နက် တွေလေ့ကျင့် ပစ်ခတ်မှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးလို့ပြောတယ်။ ရွာသားတွေကိုလည်းပြောပေးပါလို့။ တစ်ခြားအုပ်ချုပ်ရေးမှုတွေ ကိုလည်းပြောပေးပါလို့ပြောတယ်။ ဘာကြောင့်ရုပ္သိမ်းလိုက်တာလည်းဆိုတာကို တော့ ပြောမသွားဘူး။”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှုးကြီးမင်းသန်းက”မဖြစ်လောက်ပါဘူး။ သတင်းတွေ တော်တော်ကိုပြန့်နေတယ်။ မဖြစ်လောက်ဘူးထင်တယ်။ ဒေသခံတွေတော့ စိုးရိမ်မှုတွေ မဖြစ်လောက်ပါဘူး။ ဖြစ်မယ်ဆိုရင် သိရမှာပဲလေ”ဟု ပြောသည်။

အဆိုပါအကြောင်းကြားစာပေးပို့ထားသည့်ကျေးရွာ ၁၀ ကျော်မှာ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ရွာဟောင်းတော၊ မောင်သာကုန်း၊ ချောင်းသစ်၊ ပီပင်ရင်း၊ သင်္ဘောဆိပ်၊ ကြာချေ၊ ရော်မနီ၊ သရက်အုပ်နှင့် မြောက်ဦးမြို့ပေါ်မှ လက်ကောက်စျေးရပ်ကွက် လည်းပါဝင်သည်။

ခေတ်မီလက်နက်များလေ့ကျင့်ပစ်ခတ်မှုကို မြောက်ဦးမြို့နယ် ရွာဟောင်းတော ကျေးရွာအုပ်စု၊ ခေါင်းဖြူ တောင်ကွင်း၊ ခန့်မှန်းခြေမြေပုံ အညွှန်း( အီးတီ- ၂၁၆၇၈၁) တွင် လေ့ကျင့်ပစ်ခတ်မည် ဖြစ်ပါ၍ သတ်မှတ်ရက်ထက် ၂ ရက်ကြိုတင်၍ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ခေါင်းဖြူတောင် ကွင်းအနီးအနားသို့ သစ်၊ဝါး၊ ထင်းများ ခုတ်ယူရန်ဖြတ်သန်းသွား လာခြင်းမပြုလုပ်စေရေး မေလ ၁၂ ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှအသိပေးအကြောင်း ကြားခဲ့သည်။

https://www.facebook.com/westernnewsagency/posts/292732975866547

Leave a Reply

Your email address will not be published.