မြဝတီ Quarantine Center မှ မကွေးသို့ပြန်သည့် ကားဈေးနှုန်းများပုံမှန်ထက်တိုးကောက်နေ၍ ရခိုင်ပြန်သူများအခက်ကြုံနေ

By Western News/ 2021 May 21

ထိုင်းနယ်စပ် မြဝတီ Quarantine Center မှနေ၍ မကွေးသို့ပို့ဆောင်ပေးသည့် ကားဈေးနှုန်းများမှာ ပုံမှန်ထက်တိုး ကောက်ခံလျက်ရှိ၍ ရခိုင်ပြန်သည့်သူများအခက်ကြုံနေရကြောင်း ၎င်း Center တွင် Quarantine ဝင်နေသည့် သူများ၏ ပြောကြားချက်အရသိရသည်။

ကားဈေးနှုန်းများမှာ ပုံမှန် ၄၀,၀၀၀ ကျပ်ဖြစ်ပြီး မေလအစပိုင်းလောက်မှစ၍ တိုးမြှင့်ကောက်ခံလျက်ရှိရာ ယခုဆို လျှင် ၇၀,၀၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း စခန်းတွင် Quarantine ဝင်နေသည့် မြောက်ဦးဝေသာလီကျေးရွာမှ ကိုထွန်းကျော်လှ က Western News ကိုပြောသည်။

“ကားဈေးက ကျနော်တို့မရောက်ခင် ပုံမှန်ဈေးက ၄၀,၀၀၀ ပါ။ အဲနောက် ၅ လပိုင်း ၁၇ ရက်နေ့မှာ ၆၀,၀၀၀၊ ၁၈ ရက်နေ့မှာ ၆၅,၀၀၀၊ အခုဆို ၇၀,၀၀၀ ကျော်နေပါပြီ။ Quarantine Center မှာစားရေးနေရေးကအားလုံးအဆင်ပြေပါတယ်။ ဒီကားကြေးတွေဈေးအဆမတန် တက်နေတာက ကျနော်တို့အတွက် လုံးဝအဆင်မပြေပါဘူး” ဟုဆိုသည်။

ထိုသို့ မြဝတီ Quarantine Center မှ မကွေးသို့သွားသည့်ကားများကို မြဝတီအစိုးရအဖွဲ့နှင့်ပြည်နယ်အလိုက်အစိုးရ များပူးပေါင်းပြီး စီစဉ်ပေးထားခြင်းဖြစ်ကြောင်းနှင့် ပြန်သည့်အခါ ၎င်းတို့စီစဉ်ပေးထားသည့်ကားများနှင့်သာပြန်ရပြီး မိမိတို့အစီစဉ်နှင့် ကားငှားပြန်ခွင့်လည်းမရကြောင်း၎င်းမှဆက်ပြောသည်။ကားဈေးနှုန်းများမှာ အဆမတန်များနေ၍ အခက်အခဲဖြစ်နေရကြောင်း၊ အဆိုပါကားများမှာလည်းမကွေးအထိသာ ဖြစ်ပြီး ရခိုင်ပြည်အထိလည်းအရောက်ပို့ခြင်းမဟုတ်ကြောင်း ကျောက်ဖြူမြို့နယ် မီးကျောင်းကျေးရွာမှ ကိုမောင်ဝင်းကြည်ကဆိုသည်။

“ကားဈေးတွေကမတရားများနေတော့ ကျနော်တို့တော်တော်အခက်အခဲဖြစ်ရပါတယ်။ ပြီးတော့ ကားကမကွေး အထိပဲ ကိုယ့်ရခိုင်ပြည်အထိလည်းရောက်တာမဟုတ်ဘူးလေ” ဟုပြောသည်။

ယခုဖြစ်နေသည့် အခက်အခဲများကိုလူမှုကယ်ဆယ်ရေးအဖွဲ့များအား ဆက်သွယ်အကူညီတောင်းခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ ကြောင်းနှင့် ပြည်နယ်ရှိတာဝန်ရှိသူများအနေဖြင့် ၎င်းတို့ကြုံနေရသည့်အခက်အခဲများကို ကူညီဖြေရှင်းပေးစေလိုကြောင်းပြောသည်။

အဆိုပါ Quarantine Center သည် နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာကြသည့်သူများအား ကိုဗစ်စည်းကမ်းနှင့် အညီ Quarantine နေခိုင်းသော စခန်းတစ်ခုဖြစ်ပြီး လူမျိုးအနေဖြင့် ရခိုင်၊ ကချင်၊ ချင်းနှင့် ဒေသခံမြဝတီသားများ ရှိကြောင်းသိရသည်။

၎င်း Center သည်မြဝတီမြို့ ရွှေတိဂုံရပ်ကွက်တွင်ရှိပြီး Quarantine ဝင်လာသူများအား ၁၀ ရက်ခန့်နေခိုင်းကာ Quarantine ထွက်၍ပြန်လျှင် လူ ၃၀၊ ၅၀ မှ ၁၀၀ ခန့်အထိကားများဖြင့်ပို့ဆောင်ပေးရသည်။

https://www.facebook.com/westernnewsagency/posts/294703995669445

Leave a Reply

Your email address will not be published.