By Myanmar Now/ 2021 May 12
ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ် နယ်စပ်ခြံစည်းရိုးတစ်နေရာတွင် ယနေ့ ( မေ ၁၂) နံနက်က နယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ တိုက်ပွဲအပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၈ နာရီခန့်က အောင်ချမ်းသာကျေးရွာ မြောက်ဘက် ၆ မိုင်ခန့်အကွာ နယ်စပ်မိုင်တိုင်အမှတ် ၅၁/၅၂ ကြားတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးရှိသည်ဟု ကြားသိရကြောင်း အောင်ချမ်းသာကျေးရွာတာဝန်ခံ ဦးအောင်သာလှက ပြောသည်။
နယ်ခြားစောင့်တပ်က MA-2 သေနတ်တစ်လက်၊ အားကစားဘောင်းဘီ ဝတ်ဆင်ထားသည့် အလောင်းတစ်လောင်းရရှိကြောင်း၊ နယ်ခြားစောင့်ရဲတစ်ဦး ခါးတွင် သုံးချက်၊ ညာလက်မောင်းတွင် တစ်ချက် ကျည်ထိဒဏ်ရာ ပြင်းထန်စွာရရှိသွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
“အထိအခိုက်ကတော့ အဲဒီက (လက်နက်ကိုင်တစ်ဖွဲ့မှ) အလောင်းတစ်လောင်းရတယ်။ သေနတ်တစ်လက်ရတယ်။ နယ်ခြားစောင့်ရဲဘက်က တစ်ဦးဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟု ဦးအောင်သာလှက ပြောသည်။
အင်အား ၁၂ ဦးခန့်ပါသော ၎င်းလက်နက်ကိုင်အဖွဲ့မှာ ARSA (အာဆာ) ဟု ယူဆရကြောင်း ကျေးရွာတာဝန်ခံနှင့် ဒေသခံများက ပြောဆိုသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါနယ်စပ်ခြံစည်းရိုးအနီးတွင် ARSA တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲတပ်အဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားတတ်ကြောင်း အောင်ချမ်းသာကျေးရွာမှ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။
“အမြဲတမ်း အာဆာအဖွဲ့က လာပြီးတော့ ပစ်တယ်လို့ ကြားပါတယ်။ အခုတော့ ကျွန်တော်တို့ ဘာမှတော့ မစိုးရိမ်ရသေးဘူး။ ဌာနဆိုင်ရာတွေလည်းရှိတယ်။ သူတို့မှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ နယ်ခြားစောင့်လှုပ်ရှားအဖွဲ့ဆိုပြီးရှိတယ်။ အယင်ကလည်း အဲဒီနယ်စပ်ခြံစည်းရိုးနားမှာ တစ်ခါ၊ နှစ်ခါဖြစ်တာရှိတယ်”ဟု ထိုကျေးရွာသားက ပြောသည်။
မတ်လ ၅ ရက်နေ့ကလည်း မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၄၅ ကင်းစခန်းမှ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒုအရာခံဗိုလ်တစ်ဦးနှင့် အလုပ်သမားအရပ်သားတစ်ဦးတို့သည် အောင်ဇံကျေးရွာအုပ်စုသို့ သဲယူရန် ကားဖြင့်လာစဉ် လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည်။ ၎င်းတိုက်ခိုက်မှုမှာ ARSA အဖွဲ့လက်ချက်ဟု ဒေသခံများက ပြောဆိုခဲ့ကြသည်။
၂၀၁၇ ၊ ဩဂုတ်တွင် ARSA (အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်) ဟု အမည်ပေးထားသည့်အဖွဲ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က မွတ်စလင်များကို သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။
ထိုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်သိန်းချီ၍ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ကြပြီး တပ်က လူမျိုးတုန်းသတ်ဖြတ်မှုမြောက်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
တပ်ကလည်း ကျူးလွန်ခဲ့သည် စစ်ရာဇဝတ်မှုများအတွက် စစ်ခုံရုံးတင် စစ်ဆေးအပြစ်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။
https://www.facebook.com/myanmarnownews/posts/2105336999614027