မောင်တောမြို့နယ်မြောက်ပိုင်းတွင် ကဏန်းထောင်ရန်သွားသူတစ်ဦးကို မျက်နှာဖုံးအုပ်ထားသည့် အမည်မသိလူတစ်စုက ဝိုင်းရိုက်၍ ဆေးကုသမှုခံယူနေရ

By Narinjara/ 2021 May 14

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၊ လောင်းဒုံကျေးရွာမှ ကဏန်းထောင်ရန်သွားသူ လူငယ်တစ်ဦးကို မေလ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်က မျက်နှာဖုံးအုပ်ထားသည့် အမည်မသိ လူတစ်စုမှ ဝိုင်းရိုက်နှက်သဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိသည်။

၄င်းမှာ လောင်းဒုံကျေးရွာမှ ကဏန်းထောင်၍ အသက်မွေးနေသူ ကိုမောင်ဖိုးယဉ် (၂ဝ)နှစ်ဖြစ်ကြောင်း၊ လောင်းဒုံကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ လူမနေတော့သည့် အထက်ပြူးမကျေးရွာအနီး မြောချောင်းတွင် ကဏန်းထောင်နေစဉ် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲကျော်ကပြောသည်။

“ လူဆယ်ယောက်လောက်ရှိမယ်လို့ပြောတယ်။ နောက်ကနေချောင်းရိုက်ပြီး ထိုးကြိတ်ခဲ့ကြတာ။ မူဆလင်စကားပြောတယ်လို့သိရတယ်။ ဦးလေးအထင် အာဆာတို့လို့အဖွဲ့တစ်ခုခုကဖြစ်ဖို့များတယ်။ သူသတိမေ့သွားတော့ သေတယ်ထင်ပြီး ဆက်မရိုက်ပဲထားခဲ့ကြတာ။ သတိရလာတော့ ရွာကိုပြေးလာခဲ့တာ။ အခုရွာမှာဆေးကုသမှုခံယူနေပါတယ်။” ဟုပြောသည်။

ကိုမောင်ဖိုးယဉ်တွင် ဦးခေါင်းနှင့် ခြေထောက်တို့တွင် ရိုက်နှက်ခံသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လောင်းဒုံရဲစခန်းအား ဆက်သွယ်ရာ ၄င်းလူငယ်ရိုက်နှက်ခံရမှုမှာ ဟုတ်မှန်ကြောင်း ၊ သို့ရာတွင် ၄င်းတို့အနေဖြင့် အဆိုပါကိစ္စအား စုံစမ်းစစ်ဆေးနေဆဲဖြစ်၍ တစ်စုံတစ်ရာ အသေးစိတ် ဖြေဆိုနိုင်ခြင်းမရှိသေးပါဟု ပြောဆိုကာ ဆက်လက်ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

https://www.facebook.com/narinjara.info/posts/4315676848444359

Leave a Reply

Your email address will not be published.