မောင်တောတွင် နယ်ခြားစောင့်ရဲနှင့် ARSA တို့ကြား တိုက်ပွဲဖြစ်

By Irrawaddy/ 2021 May 12

မောင်တောနယ်စပ်တွင် တွေ့ရသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး / မင်းအောင်ခိုင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နှစ်နိုင်ငံနယ်စပ် မိုင်တိုင်အမှတ် ၅၀ အနီးတွင် အာဏာသိမ်း စစ်ကောင်စီ၏ နယ်ခြား စောင့် ရဲတပ်ဖွဲ့ နှင့် ARSA အဖွဲ့တို့ကြား ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ARSA ဘက်မှလည်း အလောင်းတလောင်း ရရှိခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ မောင်တောမြို့နယ် အောင်ချမ်းသာ ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးအောင်သာလှက ပြောသည်။

၎င်းက“မိုင်တိုင် ၅၀ အနီးက နတ်ရေကန်ကျေးရွာနားမှာ ဖြစ်တာ။ ကျနော်တို့ရွာကလည်း သေနတ်သံတွေကြားရတယ်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တယောက် ဒဏ်ရာ ၃ ချက် ရတယ်လို့ ပြောတယ်။ ARSA ဘက်ကတော့ အလောင်းတလောင်း ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မိုင်တိုင် အမှတ် ၅၀ အနီးတွင် ယနေ့ နံနက်ပိုင်းက နယ်ခြားစောင့်ရဲများက လုံခြုံရေး ကင်းလှည့်စဉ် ARSA အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မောင်တောဒေသခံတဦးက“တိုက်ပွဲဖြစ်တာတော့ ကြားတယ်။ အရင်လို ရွာသားတွေ ထွက်ပြေးရတဲ့ အခြေအနေတော့ မဟုတ်ဘူး။ ဒါပေမယ့် ARSA တွေနဲ့ တိုက်ပွဲ ဖြစ်တယ်ဆိုတော့ ကျနော်တို့ ရွာသားတွေ ဒီနေ့ဆို တောင်ယာကို တယောက် မှ မသွားရဲဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနှင့် ရခိုင်ပြည်နယ် စီမံ အုပ် ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း မိုင်တိုင်အမှတ် ၄၅ အနီးတွင် ခြံစည်းရိုးကာရန်နေကြသည့် အမှတ် ၉၄၂ ဆောက် လုပ်ရေး အင်ဂျင်နီယာတပ်ရင်းမှ ဒု-အရာခံဗိုလ် သက်ထွန်းအောင်နှင့် အရပ်သားလုပ်သားများ ဖြစ်ကြသည့် ကိုဌေးဝင်း၊ ကိုစံရန်းတို့ ၃ ဦးသည် ၎င်းအနီးဝန်းကျင်ရှိ အောင်ဇံကျေးရွာသို့ သဲယူရန် ကားဖြင့် သွားရောက်စဉ် ARSA တိုက်ခိုက် မှုကြောင့် သေဆုံးခဲ့သည်။

ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်ဟု အမည်ပေးထားသည့် ARSA အဖွဲ့ဝင်များသည် တဘက်နိုင်ငံဘက်ခြမ်းတွင် အခြေ စိုက်၍ မောင်တောမြို့ နယ် အတွင်းရှိ ခမောင်းဆိပ်၊ ဝေလာတောင်နှင့် တမန်းသား အထက်တို့တွင် ဝင်ရောက်လှုပ်ရှား လျက်ရှိကြောင်း ဒေသတွင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထို့ပြင် မေယုတောင်ကြောတွင်လည်း သင်တန်းများဖွင့်ကာ တပ်ဖွဲ့ဝင်များကို စုဆောင်ခြင်း၊ အချို့သော မွတ်ဆလင် ကျေး ရွာများသို့ ဝင်ရောက်ပြီး အဓမ္မ ဆက်ကြေးများ ကောက်ခံမှုများ ရှိကြောင်း သတင်းများ ထွက်ပေးနေသော်လည်း သီးခြား အတည်မပြုနိုင်သေးပါ။

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မောင်တောမြို့နယ် မင်္ဂလာညွန့်ကျေးရွာသား ၁ ဦးမှာ ၎င်းကျေးရွာအနီး ဝေ လာတောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ARSA အဖွဲ့နှင့်တွေ့၍ ထွက်ပြေးလာခဲ့ရကြောင်း၊ ဆိုင်ကယ်မှာ မီးရှိုှု့ ခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မောင်တောမြို့ နယ်၊ ခရေမြိုင်ကျေးရွာသားများ သည် ၎င်းမြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာတွင် ပြုလုပ်သည့် ဘုံကထိန်ပွဲသို့ ကားဖြင့် သွားရောက်ခဲ့ပြီး ARSA အဖွဲ့ ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ARSA အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ အောင်တိုဘာလ ၉ ရက်နေ့တွင် အမှတ် ၁ နယ်ခြားစောင့်ဌာနချုပ် (ကျီးကန်းပြင်)နှင့် ကိုး တန်းကောက် ရဲစခန်း၊ ငါးခူရ ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး လက်နက် မျိုးစုံ ၄၈ လက်နှင့် ကျည်မျိုးစုံ ၆၆၂၄ ထောင့် ဆုံးရှုံးခဲ့ကြောင်း အစိုးရက ကြေညာခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ARSA အဖွဲ့သည် ကိုဖီအာနန် အကြံပေးကော်မရှင်၏ နောက်ဆုံး အစီရင် ခံစာ ထွက်ပေါ်လာသည့်နှင့် တပြိုက်နက် နယ်ခြားစောင့် တပ်စခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး နိုင်ငံတကာ၏ အာရုံစူးစိုက်မှု ရရှိရန် ကြိုးပမ်းခဲ့ဖူးသည်။

https://www.facebook.com/theirrawaddyburmese/posts/4481443595233091

Leave a Reply

Your email address will not be published.