By Development Media Group (DMG)/ 2021 May 12
ရခိုင်ပြည်၊ မောင်တောမြို့နယ် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၅၁/၅၂ အကြား ခမောင်းဆိပ်နယ်စပ်တွင် ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲက ကင်းလှည့်နေသည့် နယ်ခြားစောင့်တပ်နှင့် ARSA အကြမ်းဖက်အုပ်စုတို့ နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်ခန့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက “အဲဒီနားမှာ ရွာမရှိဘူး။ နယ်စပ်ခြံစည်းရိုးလုပ်နေတဲ့ အဖွဲ့တွေရှိတယ်။ နယ်ခြားစောင့်အဖွဲ့တွေက ကင်းလှည့်ရင်းနဲ့ နှစ်ဖက်ထိတွေ့မှု ဖြစ်ကြတာပေါ့နော်။ မနက်ပိုင်း ၇ နာရီခွဲက ဖြစ်ကြတာပါ။ သိပ်လည်းမကြာခဲ့ပါဘူး။ ၅ မိနစ် ၁၀ မိနစ်လောက်ဖြစ်ခဲ့ကြတာပါ။ နယ်ခြားစောင့်အဖွဲ့နဲ့ ဘင်္ဂလီလက်နက်ကိုင်အဖွဲ့နဲ့ဖြစ်တာပါ။ ထိခိုက်မှု အခြေနေကိုတော့ ကျနော်တို့ အနေနဲ့ အတိအကျမသိဘူး။ အခုတော့ ပစ်သံတွေမကြားရတော့ပါဘူး။ ” ဟု ဆိုသည်။
ယင်းဖြစ်စဉ်တွင် ARSA ဖက်မှ အနက်ရောင် တီရှပ်လက်ရှည်အင်္ကျီနှင့် အားကစားဘောင်းဘီဝတ်ထားသည့် လူတစ်ဦးတွင် ဘယ်ဖက်ရင်အုံ ၁ ချက် ထိမိ၊ ဘယ်ဖက် လက်ပြတ်ထွက်သွားကာ သေဆုံးသွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးထံတွင် ဘယ်ဖက်ခါး ၂ ချက်နှင့် ညာဖက်ပုခုံးတွင် လက်နက်ငယ်ဖြင့် ၁ ချက်ထိမိခဲ့ကြောင်းလည်း အမည်မဖော်လိုသည့် ရဲဝန်ထမ်းတစ်ဦးက ပြောသည်။
“ ဒဏ်ရာရရှိထားတဲ့ သူကိုတော့ ဆေးကုသဖို့အတွက် နဗဟ (၂) ခမောင်းဆိပ် ဆေးခန်းသို့ ပို့ဆောင်ထားခဲ့ပြီးတော့ ၁၁ နာရီလောက်မှာတော့ ဘူးသီးတောင်ကို ဆက်ပြီးပြန်ပို့ခဲ့ပါတယ်။ ” ဟုဆိုသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူး၊ ဦးနိုင်အေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးအောင်မြင့်သိန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးအောင်မြင့်သိန်းကို DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာမကြားမိကြောင်း ပြောကြားခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/2011671238985277