By Western News/ 2021 May 12

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တောနယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၅၁/ ၅၂ အကြားဗန္ဓုလကျေးရွာအနီးတွင် ယနေ့မေလ ၁၂ ရက် နံနက် ၇ နာရီကျော်အချိန်ခန့်က နယ်ခြားစောင့်တပ်များနှင့် အာဆာလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါတိုက်ပွဲတွင် အာဆာဖက်မှ တစ်ဦးသေဆုံးခဲ့ပြီး နယ်ခြားစောင့်တပ်မှ တစ်ဦးဒဏ်ရာရရှိခဲ့ကာ တိုက်ပွဲမှာ ၁၅ မိနစ်ကြာဖြစ်ပွားခဲ့ကြောင်း အောင်ချမ်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာလှက Western News သို့ပြောသည်။
“ဒီနေ့ ၇ နာရီကျော်လောက်ကဖြစ်တာ။ မိုင်တိုင် ၅၁ နဲ့ နတ်ရေကန်စခန်းကြားမှာဖြစ်တာ။ တိုက်ပွဲကတော့ ၁၅ မိနစ်လောက်ပဲ ကြာတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဖက်ကတော့ တစ်ဦးဒဏ်ရာ ရရှိခဲ့တယ်။ အာဆာဖက်ကတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးတယ်။ အလောင်းရထားတယ်။ သေနတ်တစ်လက်နဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့သိရတယ်” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့်ပတ်သတ်ပြီး မောင်တောမြို့နယ် နတ်ရေကန်စခန်းမှ စခန်းမှူးနိုင်ဦးအားဆက်သွယ်ရာတွင် ဖြေဆိုရန်အတွက် အထက်အရာရှိကို သတင်းပို့ရမည်ဟုဆိုကာဖုန်းချသွားခဲ့ပြီး ဆက်လက်ခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိတော့ပါ။ ယင်းအပြင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန့်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါ။
အောင်ချမ်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာလှက “နယ်ခြားစောင်တပ်ဖွဲ့ဝင်မှာက ခါးမှာ နှစ်ချက်ရယ်၊ ညာဖက်လက်မောင်းမှာ တစ်ချက်ရယ်ပေါ့။ အားလုံးပေါင်း ဒဏ်ရာသုံးချက်ရတယ်။ ဒဏ်ရာကတော့ သိပ်မပြင်းဘူးလို့သိရတယ်။ ဒဏ်ရာရတဲ့နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကိုတော့ မောင်တောဆေးရုံကိုပို့လိုက်တယ်”ဟုပြောသည်။
https://www.facebook.com/westernnewsagency/posts/288603692946142