မီးရှို့ခံရသည့် လက္ကာနှင့် ဖားပြိုကျေးရွာမှ နေအိမ် ၂၀၀ ကျော်ကို ပြန်ဆောက်ရန် ကောင်စီက တစ်အိမ်ကို သိန်း ၅၀ စီပေး

By Western News/ 2021 May 16

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာနှင့် မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ မီးရှို့ခံခဲ့ရသည့် နေအိမ် ၂၀၀ ကျော်ကို ပြန်လည်ဆောက် လုပ်ရန် ရခိုင်ပြည်နယ် ကောင်စီက တစ်အိမ်လျှင် ငွေကျပ်သိန်း ၅၀ စီပေးကြောင်း သိရသည်။

မီးရှို့ခံရသည့် လက္ကာကျေးရွာမှ နေအိမ် ၁၉၇ ဆိမ်နှင့် ဖားပြိုကျေးရွာမှ နေအိမ် ၄၁ကို တစ်အိမ်လျှင် ငွေကျပ် သိန်း ၅၀ ပေး၍ ယိုယွင်းပျက်စီးနေသည့် နေအိမ်ကို ပြန်လည် ပြုပြင်ရန်အတွက်ငွေကျပ် ၁၀ သိန်းစီပေးသည်ဟု ပြည်နယ် ကောင်စီမှ အဖွဲ့ဝင် ၃ ဦးသန်းထွန်းကပြောသည်။

နေအိမ်များဆောက်လုပ်ရန်အတွက် ငွေကျပ်သိန်း ၅၀ ကို ပထအကြိမ် သိန်း၂၀၊ ဒုတိယအကြိမ် ၁၅ သိန်း၊ တတိယအကြိမ် ၁၅ သိန်းနှင့် ပျက်စီးသွားသည့်နေအိမ်များကိုလည်း ပထမအကြိမ် ၅ သိန်းနှင့် ဒုတိယအကြိမ် ၅ သိန်းစီ ပေးသွားမည်ဖြစ်ကြောင့် ဦးသန်းထွန်းကပြောသည်။

“နေအိမ်တွေကတော့ လက္ကာမှာ ၁၉ ရဆောင်ပေါ့။ ဖားပြိုမှုကျတော့ ၄၁ ဆောင်ရှိတယ်။ တစ်အိမ်ကို ဆောက်လုပ်ဖို့အတွက် သိန်း ၅၀ စီပေးမယ်။ သိန်း၅၀ ကို ပထမအကြိမ် သိန်း ၂၀၊ ဒုတိယအကြိမ် ၁၅ သိန်း၊ တတိယအကြိမ် ၁၅ သိန်းစီသုံးကြိမ်ပေးမယ်။ ပထမအကြိမ်အတွက်တော့ ပေးပြီးသွားပြီ။ ပြီးတော့ အိမ်တွေ ပြုပြင်ဖို့လိုအပ်သူတွေကို လည်း ၅ သိန်းကျစီ ၂ ကြိမ်ပေးမယ်”ဟုပြောသည်။

ကောင်စီမှ အိမ်ဆောက်ရန်ပေးသည့် ပထမအကြိမ် ငွေကျပ်သိန်း ၂၀ ကို လက်ခံရရှိပြီးဖြစ်သည့်အတွက် အိမ်ဆောက် လုပ်မှုများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း လက္ကာကျေးရွာသားတစ်ဦးဖြစ်သည့် ဦးမောင်လှသန်း ကပြောသည်။

“တိမ်ညိုစစ်ဘေးရှောင်စခန်းကနေ ရွာကိုလာပြီး အိမ်ဆောက်လုပ်မှုတွေလုပ်နေပါတယ်။ ပထမကြိမ် သိန်း ၂၀ လက်ခံရရှိတဲ့အတွက် အိမ်တွေကို ပုံစံတူတွေဆောက်ကြမှာပါ။ အိမ်တွေအကုန်လုံးကို ရွာသားတွေ ဝိုင်းဝန်းပြီး တော့ ဆောက်ကြမှာပါ။ ခုက ဆောက်လုပ်မှုက မစရသေးပေမယ့် ပစ္စည်းတွေတော့ ဝယ်ထားပါပြီ။ အိမ်ကတော့ သွပ်မိုး ၊ပျဉ်စီ၊အကာကတော့ ကျောက်ပြားနဲ့ပေါ့။ ငွေသိန်း၅၀ နဲ့တော့ ကျွန်တော်တို့မှာ အကြမ်းထည်လောက်ပဲရမှာပါ။ နောက်ပြီးမှ ကိုယ့်ဘာသာ အလုပ်တွေလုပ်ပြီး ထပ်ပြီးလုပ်ရတော့မှာပေါ့”ဟုပြောသည်။

မီးရှို့ခံရပြီး လုံးဝပျက်စီးသွားသည့် နေအိမ်များအတွက်သာ ပထအကြိမ် ငွေပမာဏကို ရရှိခြင်းဖြစ်ပြီး ယိုယွင်း ပျက်စီးနေသည့် နေအိမ်ကို ပြုပြင်ရန်အတွက် ငွေကိုမရှိသေးကြောင်း လက္ကာကျေးရွာမှ ဒေါ်သိန်းမရီကပြော သည်။

မီးရှို့ခံရသည့် နေအိမ်ကို ပြန်လည်ဆောက်ပေးမည်ဟုကောင်စီကပြောသည့်အတွက် ပျက်စီးမှုနေအိမ်စာ ရင်းကို သွားရောက် တင်ပြထားသော်လည်း ငွေလက်ခံမရရှိသည့်အတွက် ဆောက်လုပ်မှုမလုပ်ဆောင်ရသေးကြောင်း မင်းပြားမြို့နယ် ဖားပြိုကျေးရွာ အိမ်ဆောက်လုပ်ရန် ဖွဲ့စည်းထားသည့် ကောင်မတီဝင် ကိုအမ်းသားကြီးကပြောသည်။

“ဖားပြိုကနေ မီးရှို့ခံရတဲ့နေအိမ်တွေ ပြန်ဆောက်လုပ်ပေးဖို့ ငွေပေးမယ်ဆိုလို့ ကောင်စီကို ပျက်စီးသွားတဲ့ နေ အိမ်စာရင်းနဲ့ပြုပြင်ဖို့ လိုအပ်တဲ့ အိမ်စာရင်းတွေသွားပေးခဲ့တယ်။ အိမ်ကတော့ လုံးဝပျက်စီးတာ ၄၁ အိမ် နဲ့ ပြုပြင်ဖို့လိုတာ ၅၀ အိမ်ရှိတယ်။ ငွေကတော့ ခုထိ လက်ခံမရရှိသေးဘူး”ဟုပြောသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် လက္ကာကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂ဝခုနှစ်မေလက နေအိမ် ၁၉၇ ဆောင်မီးရှို့ခံခဲ့ရသည်။ ကျေးရွာသားများက တပ်မတော်သားများ ဝင်ရောက် ပြီးနောက် မီးလောင်သွားသည်ဟု ပြောဆိုထား သော်လည်း တပ်မတော်ဖက်မှ မဟုတ်မှန်ကြောင်းငြင်းဆိုထားသည်။ ၎င်းကျေး ရွာသာများမှာ လက်ရှိတွက် မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်း၊ ဘူးရွက်မညှိုးစစ်ဘေး ရှောင်စခန်းတို့တွင် ခိုလှုံလျက်ရှိကြသည်။

အလားတူ မင်းပြားမြို့နယ် ဖားပြိုကျေးရွာတွင်လည်း တိုက်ပွဲကာလအတွင်းက မီးရှို့ခံရသည့် နေအိမ် ၄၀ ကျော် ရှိပြီး၎င်းတို့မှာလည်း မင်းပြားမြို့ရှိ အမ်းသားရွာစစ်ဘေးရှောင်စခန်းတို့ခိုလှုံလျက်ရှိကြသည်။

https://www.facebook.com/westernnewsagency/posts/291173966022448

Leave a Reply

Your email address will not be published.