By Western News/ 2021 May 29
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မီးရှို့ခံလိုက်ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၁၀၀ ကျော်ကို ၁ အိမ်လျှင် ငွေကျပ် ၄၉ သိန်းဖြင့် တင်ဒါအောင်ဆောက်လုပ်နေသော်လည်း ငွေကြေးအခက်အခဲကြောင့် ဆောက်လုပ်မှုကိုခေတ္တ ရပ်နားထားရသည်ဟုဆောက်လုပ်ရေးကုမ္ပဏီမှသိရသည်။
ရခိုင်ပြည်နယ်ကောင်စီမှ တင်ဒါအောင်၍ ဆောက်လုပ်ရေးလုပ်ငန်းစတင် လုပ်ဆောင်နေရာ ဘဏ်မှငွေထုတ်မရသည့်ပြဿာနာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးအဆမတန်မြင့် တက်နေသည့်အတွက် ဆောက်လုပ်မှုကို ခေတ္တရပ်နားထားရကြောင်း ရိုးမအာရုံဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာနေဂျာ ဦးပြည့်ဖြိုးအောင်ကပြောသည်။
မေလ ဒုတိယအပတ်မှစ၍ ဘုရားပေါင်းကျေးရွာမှ နေအိမ် ၃၀ ကျော်နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၁၀ ကျော် တို့ကို ဖောင်ဒေးရှင်းချထားပြီး ၃ လပြီးဖြင့်ဆောက်လုပ်မည်ဖြစ်သော်လည်း ငွေကြေးနှင့်ဆောက်လုပ်မှု ပစ္စည်းအခက်အခဲကြောင့် ဆောက်လုပ်မှု ရပ်နားထားကာ ယင်းကိစ္စကိုပြည်နယ်ကောင်စီနှင့်ဆက်လက်ဆွေးနွေးထားသည်ဟု ဦးပြည့်ဖြိုးအောင်ကပြောသည်။
“ကျွန်တော်တို့ ပြည်နယ်ကောင်စီကနေ တင်ဒါအောင်တာက တစ်အိမ်ကို ၄၉ သိန်းနဲ့ပါ။ စပြီးဆောက်နေတာ ဘုရားပေါင်းမှာ ဖောင်ဒေးရှင်း ၃၀ ကျော်လောက်ချထားပြီ။ တောင်ပေါက်မှာတော့ ၁၀ ကျော်လောက်ပေါ့။ ကျွန် တော်တို့ ဒီအိမ်တွေအားလုံးကို ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃လမှာ အပြီးဆောက်မလို့ပါ။ ဒါပေမယ့် လက်ရှိအခြေအနေက ဘဏ် ငွေထုတ်မရဘူး။ ပြီးတော့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေက စျေးတွေတအားတက်နေတော့ ဆောက်လုပ်မှု ခေတ္တရပ်နားထားရတာ ၁ ပတ်လောက်ရှိပြီ”ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ် စက်တင်ဘာ ၈ ရက်ညနေပိုင်းက မီးရှို့ခံရသည့် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁ဝ နှင့် တောင်ပေါက် ကျေးရွာမှ နေအိမ် ၇၄ အိမ် စုစုပေါင်း ၁၈၄ အိမ်ကို ပျက်စီးရှုံးဆုံးခဲ့ရသည်။ ယင်းအထဲမှ တစ်ရွာ လျှင် အိမ်အလုံး ၂၀ စီ ဖြင့် နေအိမ်အလုံး ၄၀ ကို ယခင်အစိုးရ လက်ထက်က တစ်အိမ်လျှင်ငွေကျပ် ၄၉ သိန်း ၂ သောင်း ၆ ထောင်ကျပ်ဖြင့် စိုးသန်းနိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ တင်ဒါအောင်ကာ ဆောက်လုပ်ပေးခဲ့သည်။
ယခင်ဆောက်လုပ်ပေးခဲ့သည့်နေအိမ်များမှာ လက်ရှိတွင် အကာများကွဲအက်ပြီး အခင်းမှာလည်း လူသွားလျှင်အပေါက် အပြဲများဖြစ်ကာ အဆင်မပြေမှုများရှိနေသည်ဟု ဘုရားပေါင်းကျေးရွာသား ဦးမောင်သောင်းစိန်ကပြောသည်။
“ကျွန်တော်တို့ အိမ်တွေကတော့ ပထမဖြတ်မှာပါလို့ဆောက်ပြီးတော့ နေထိုင်ပါပြီ။ ဒါပေမယ့် အိမ်ကကျောက်ပြားချပ်အကာတွေက အရမ်းပါးပြီးတော့ နေပူရင်တောင် ကွဲထွက်ပါတယ်။ မိုးရွာရင် မိုးပက်တော့ မိုးတွေတွေစိမ့်တာပေါ့။ ပြီးတော့ အခင်းတွေကာ သုံးထပ်သားတွေနဲ့ဆိုတော့ အလေးတွေတင်လို့မရဘူး။ ဆန်အိတ်တောင် အိမ်ပေါ်တင်မရဘူး။ အပေါက်ဖြစ်သွားတယ်”ဟုပြောသည်။
မိုးရွာသည့်နေ့များတွင် လက်ရှိနေထိုင်သည့် ၈ ပေပတ်လည် ယာယီတဲအိမ်မှာ မိသားစုများနှင့်အတူ ချက်ပြုတ်စား သောက်နေထိုင်ရန် အဆင်မပြေသည့်အတွက် အိမ်ဆောက်ပေးမှုကို မိုးမကျမီ အပြီးအစီးဆောက်ပေးဖို့ မျှော်လင့်နေ သည်ဟု ဘုရားပေါင်းကျေးရွာမှ ဦးသာထွန်းလှကပြောသည်။
“အိမ်တွေက ၅ ဆောင်လောက်အပဲ ဖောင်ဒေးရှင်ပဲချရသေးတယ်။ လက်ရှိနေထိုင်တာက ၈ ပေပတ်လည် တဲအိမ်ပေါ့။ နိုင်ငံခြားရောက် ရခိုင်တွေက လှူထားတာပါ။ အိမ်က၈ ပေဆိုတော့ သိတိုင်းအတိုင်းပါပဲ အဲ့ထဲမှ ချက်ပြုတ်စားသောက်လို့ အဆင် မပြေဘူး။ နေပူရင်တော့ အပြင်မှာ ချက်စားလည်းအဆင်ပြေပါတယ်။ ခုက မိုးကရွာလိုက်တန့်လိုက် ဖြစ်နေ ပြီ ဆိုတော့ ထမင်းချက်စားဖို့ အဆင်မပြေဘူး။ အိပ်ဖို့နေရာလည်းမရှိပြန်ဘူး။ ထမင်းချက်ရင် ထီးတွေ မိုးပြီး ချက် နေရတယ်။ အိပ်ရင်လည်း သူများအိမ်တွေသွားပြီ အိပ်နေရတယ်”ဟုပြောသည်။
လက်ရှိတွင် မိုးရာသီကလည်း နီသထက်နီးလာပြီဖြစ်ပြီး မိုးကစတင်ရွာနေပြီဖြစ်သည့်အတွက် ယခု ဆောက်လုပ်မှု အခြေအနေ နှင့်ဆိုရင် မိုးရာသီလွန်မှသာ ဆောက်လုပ်ပြီးစီးတော့မည်ဟုတောင်ပေါက်ကျေးရွာမှ ကိုထွန်းကြိုင်က ပြောသည်။
“မိုးရာသီက နီးသထက်နီးလာပြီ။ အိမ်က ၃အိမ်လောက်ပဲ ဖောင်ဒေးရှင်းချထားတုန်းအခုလိုဆောက်လုပ်မှုတွေနဲ့ဆို ရင် မိုးရာသီလွန်မှပဲ ဆောက်လုပ်ကြတော့မယ် ထင်ပါတယ်။ မိုးရွာရင် အိမ်ကဆောက်လို့အဆင်မပြေဘူးလေ။ အစကတည်းက သူတို့က ဆောက်ပေးမယ်ဆိုလို့ ရွာသားတွေက ဘာမှမပြင်ဆင်ထားကြဘူး။ ဒီနှစ်မိုးရာသိတော့ တော်တော်လေး အခက်တွေ့ကြတော့မယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်း အချိန်တွင် ဘုရားပေါင်းကျေးရွာအနီးရှိကာလမ်းမပေါ် တွင် မိုင်းပေါက်ကွဲပြီး နောက် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ရာတွင် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁ဝ နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ ဆောင်တို့မီးရှုံ့ခံလိုက်ရခြင်းဖြစ်သည်ဟုကျေးရွာသားများက ပြော ဆိုသည်။
တပ်မတော်ကပြောဆိုရာတွင် အဆိုပါကျေးရွာ နှစ်ရွာကို ရက္ခိုင့်တပ်တော် AA က မီးရှို့ခဲ့သည်ဟုပြောဆိုခဲ့ပြီး AA က တပ်မတော်ကမီးရှို့ ခြင်းသာဖြစ်သည်ဟုပြောဆိုသည်။
https://www.facebook.com/westernnewsagency/posts/300591088414069