By Development Media Group (DMG)/ 2021 May 25

မာန်အောင်မြို့တွင် ရွှေအပေါင်ဆိုင်များ၌ ရွှေအတုဖြင့် ငွေလိမ်လည်ယူနေသူ ၅ ဦးကို မေလ ၂၄ ရက် ညနေက ဖမ်းဆီးရမိခဲ့ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရသည်။
အဆိုပါ ဖမ်ဆီးရမိသူ ၅ ဦးမှာ တောင်ကုတ်မြို့နယ် သိမ်တောင်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကူးတော့ဆိပ်ရပ်ကွက်တို့တွင် နေထိုင်ကြသော ဒေါ်မိုးမိုးလင်း၊ ဒေါ်ခင်စန်းဌေး၊ ဒေါ်ဟေမာန်စိုး၊ ဦးအောင်ဇော်ဟိန်း၊ ဦးအောင်လင်းကိုတို့ ဖြစ်ကြသည်။
ရွှေအတုများကို လာရောက်ပေါင်ခဲ့သည်ဟု ရွှေအပေါင်ဆိုင်ပိုင်ရှင် ဦးညီပုချေမှ ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်းကြောင့် လိုက်လံရှာဖွယ်ရာ မာန်အောင်မြို့မှ မော်ကွန်းရက္ခတည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု မာန်အောင်မြို့နယ်ရဲစခန်းမှ ဂတ်စရေး ဦးအုန်းမြင့်က ပြောသည်။
“သူတို့ကို မာန်အောင်မြို့က မော်ကွန်းရက္ခတည်းခိုးခန်းမှာ ဖမ်းမိတယ်။ မေလ ၂၄ ရက်နေ့ကပေါ့။ အခု သူတို့တွေကို လိမ်လည်မှု ဥပဒပုဒ်မ ၄၂၀ ၊ ပုဒ်မ ၄၈၆ တို့နှင့် အမှုဖွင့်ထားတယ်။ ” ဟု ပြောသည်။
ရွှေအတုဟု လာရောက်တိုင်ကြားသူ ဦးညီပုချေက ဖြစ်စဉ်ကို ယခုလိုပြောသည်။
” သူက ရောက်ကတည်းက အမှုအရာတွေ ပျက်နေတော့ မယုံလို့ သူ့ကို ဓာတ်ပုံ ရိုတ်ထား လိုက်တယ်။ ရွှေကတော့ ၁ ကျပ်နှင့် ၁၅ ပဲ ရှိတယ်။ လက်ကောက် ၂ ကွင်း ဆွဲကြိုးတစ်ကုံး တန်ဖိုးကတော့ ၂၂ သိန်းဖိုး ရှိတယ်။ ကျနော်မှာတော့ ငွေတွေကို ပြန်ရလိုက်တယ်။ သူတို့ကို ဖမ်းမိတော့။ ပြီးတော့ နာမည်အတုတွေနဲ့ လာပေါင်တာ။ ရွှေဝယ် ဘောင်ချာအတုတွေလည်းပါတယ်။ သူတို့မှာ။ ” ဟု ပြောသည်။
သူ့အပေါင်ဆိုင် အပါအဝင် ဦးဇော်သန်းဦး အပေါင်ဆိုင်၊ ဦးလှရွှေကြီး အပေါင်ဆိုင်၊ ဦးမောင်မောင်အေး အပေါင်ဆိုင် စသည်တို့တွင် သွားရောက်ပေါင်ထားသော ဘောင်ချာများပါ သိမ်းဆဲရမိသည်ဟု ဦးညီပုချေကဆိုသည်။
ဦးလှရွှေကြီးက ” ကျနော်လဲ မသိဘူး။ အရင်တုန်းက ညီပုချေက လာပေါင်တဲ့မိန်မ မူမဟန်ဖြစ်နေတာကို တွေ့လိုက်လို့ ရဲစခန်းမှာ သွားတိုင်တာလို့ သိရတယ်။ အဲဒီတော့ ဖမ်းမိတဲ့အခါ ကျနော်တို့ဆိုင်တွေမှာ ပေါင်ထားတဲ့ဘောင်ချာတွေကိုပါ တွေ့လို့ ကျနော်တို့ကိုပါ အကြောင်းကြားလာတာ။ အဲဒီတော့မှ ကျနော်တို့ သိတယ်။ ပြီးတော့ သူတို့လာတာက ကျနော်တို့ မာန်အောင် ဒေသခံတွေလိုပဲ လာပေါင်တာ။ ရွှေအစစ်တွေလိုပဲ လက်ကောက်တွေ ပုတီးတွေဆိုရင် တော်ရုံနှင့် မသိရဘူး။ ကံကောင်းလို့ ဖမ်းမိလိုက်တာ။ မုန်တိုင်းရှိလို့ သင်္ဘောမထွက်ရတော့ သူတို့သွားစရာနေရာ မရှိဖြစ်နေလိုပေါ့။ ” ဟု ပြောသည်။
ရွှေအတုများဖြင့် လိမ်လည်ပေါင်နှံထားသောငွေများမှာ ဦးလှရွှေကြီး အပေါင်ဆိုင်မှ ငွေသား ၄၄ သိန်းကျပ်၊ ဦးဇော်သန်းဦး အပေါင်ဆိုင်မှ ၆ သိန်းကျပ်၊ ဦးမောင်မောင်အေး အပေါင်ဆိုင်မှ ၂၈ သိန်းကျပ် ယူထားပြီး ငွေမရရှိသော အပေါင်ဆိုင်ပိုင်ရှင်များမှ ယင်း ၅ ဦးကို အမှုဖွင်ထားကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2023048601180874