By Western News/ 2021 May 16

ရခိုင်မျိုးနွယ်စုဝင်ဖြစ်သည့် မြိုတိုင်းရင်းသားတို့၏ ၅ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီကျေးရွာရှိ အ. မ. က မူခွဲ စာသင်ကျောင်း၌ လာမည့် မေလ ၁၇ ရက်နေ့ ( ကဆုန် လဆန်း ၇ ရက် ) တွင် လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က မြိုအမျိုးသားနေ့ကို ဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်အချို့နှင့် တိုင်းရင်းသားအကအဖွဲ့များဖွဲ့တို့ ဖိတ်ခေါ်ကာ ကိုဗစ်စည်းမျဉ်း စည်းကမ်းနှင့်အညီ အကျဉ်းချုပ်ပြုလုပ်သွားမည်ဖြစ်သည်ဟု မြိုစာပေနှင့် ယဉ်ကျေးမှူးအသင်း ဥက္ကဌ ဦးဇနီဖြူ က Western News သို့ပြောသည်။
“ ကိုဗစ်ရောဂါကြောင့် မနှစ်ကမပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်တော့ ကျွန်တော်တို့အနေနဲ့ အစိုးရ က သတ်မှတ်တဲ့အတိုင်း ကိုဗစ်စည်းကမ်းနဲ့အညီ အကျဉ်းချုပ် ပြုလုပ်သွားမှာပါ။ ဘုန်းကြီး ၅ ပါးပင့်ဖိတ်ပြီး ဆွမ်းကပ်လှူမယ်။ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောင့်ရေးအဖွဲ့ကတိုင်းရင်းသားရေးရာဝန်ကြီး နဲ့တိုင်းရင်းသားမျိုးနွယ် မှ ခေါင်းဆောင်တွေရယ်။ နောက်ပြီး တိုင်းရင်းသားမျိုးနွယ်စုအကအဖွဲ့တွေကိုဖိတ်ကြားထားတယ် ” ဟုပြော သည်။
တောင်ပေါ်ဒေသတွင် တောင်ယာလုပ်ကိုင်ခြင်းကို သက်မွေးဝမ်းကျောင်းအဖြစ် အမှီပြုနေထိုင်ကြသော မြိုတိုင်းရင်းသားတို့မှာ ကဆုန်လဆန်း ၇ ရက်နေ့တွင် တောင်ယာမှာစပါးမျိုးဥချခြင်းကြောင်း ၎င်းနေ့ကို မြိုအမျိုးသားနေ့ အဖြစ်သတ်မှတ်ထားခြင်း ဖြစ်သည်။
ရခိုင်ပြည်ဖွားဌာနေ တိုင်းရင်းသားမျိုးနွယ်စု ( ၇ ) ခုတို့မှာ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မာရမာကြီး၊ ကမန်နှင့် ရခိုင်လူမျိုး များဖြစ်ကြပြီး မြိုတိုင်းရင်းသားတို့မှာ ကျောက်တော်၊ မြောက်ဦး နှင့် ပုဏ္ဏားကျွန်းစသည့်မြို့နယ်တို့ တွင် အများဆုံး နေထိုင်လျှက်ရှိကြသည်။
https://www.facebook.com/westernnewsagency/posts/291208726018972