မင်းပြား မွတ်ဆလင်ကျေးရွာတွင် ဝမ်းရောဂါကြောင့် ကလေးငယ် ၇ ဦးသေဆုံး

By Development Media Group (DMG)/ 2021 May 31

မင်းပြားမြို့နယ်၊ နဂါရာကျေးရွာအုပ်စု ပေါက်တော (မွတ်ဆလင်) ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် (၅) ရက်အတွင်း ကလေးငယ် ၇ ဦးအထိ သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခြင်းမှာ သောက်သုံးရေမသန့်ရှင်းသည့်အတွက် ယင်းသို့ဖြစ်ပွားရခြင်းဖြစ်ကာ မေလ ၃၀ ရက်နေ့ ညနေ ၉ နာရီခန့်က ဆေးကုသမှုခံယူနေသည့် ကလေးငယ်တစ်ဦး ထပ်မံသေဆုံးသွားကြောင်း ပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဆွေဒူလာမိန်က ပြောသည်။

“မနေ့က တစ်နှစ်ခွဲတစ်ယောက်သေဆုံးသွားတယ်။ ဒါက ရေကြောင့်ဖြစ်တာ။ သောက်သုံးရေမသန့်ရှင်းလို့။ မြစ်ကရေကို သောက်ကြတယ်။ ကြိုချက်ပြီးမသောက်ဘူး။ ပြီးတော့ အပူချိန်လည်းပြင်းတယ်။ သရက်သီး မှည့်တွေစားတယ်။ ပြီးတော့ အဲဒီရီသောက်တယ်။ ဒါ့ကြောင့် အခု လိုဖြစ်တာ။ ” ဟု ဆိုသည်။

အဆိုပါ ဝမ်းရောဂါမှာ ၅ နှစ်အောက် ကလေးငယ်များသာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုသေဆုံးသွားသည့် ကလေး ငယ်များမှာလည်း လသားအရွယ်၊ တစ်နှစ်ကျော်အရွယ်နှင့် နှစ်နှစ်ရွယ် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ပေါက်တော (မွတ်ဆလင်) ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှစ၍ အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် ပန်းမြောင်းတိုက်နယ်ဆေးရုံနှင့် မြောင်းဘွေတိုက်နယ်ဆေးရုံတို့တွင် ဆေးကုသခံ ယူနေသူ (၁၀၀) ကျော်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ အဆိုပါကျေးရွာသို့ မေလ ၃၀ ရက်နေ့တွင် လီတာ ၂၀ ဆန့် ရေသန့်ဘူးကြီး ၁၃၀ နှင့် တစ်လီတာဆန့် ရေသန့်ဘူး ကဒ် ၂၀ ကို သွားရောက်လှူဒါန်းခဲ့သည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဌ ကိုအမ်းသားကြီးက “ ကျွန်တော်တို့က လူသားချင်းစာနာထောက်ထားမှု အနေနဲ့သွားပြီး ကူညီထောက်ပံ့ပေးခဲ့တာဖြစ်တယ်” ဟု ပြောသည်။

ပေါက်တော (မွတ်ဆလင်) ကျေးရွာတွင် အိမ်ခြေ ၆၈၀ ကျော်နှင့် လူဦးရေ ၄၀၀၀ ခန့်ရှိပြီး သောက်သုံးနေ ကန် ၃ ကန်ရှိသည့်အနက် တစ်ကန်သာ အသုံးပြု၍ရကြောင်းဆိုသည်။ လက်ရှိတွင် တွင်းရေနှင့်လေးမြို့မြစ်ရေကိုပါ အသုံးပြုနေကြကြောင်း နဂါရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းကျေးရွာသို့ ရေသန့်နှင့်ကျန်းမာရေး စောင့်ရှောက်မှုအမြန်ဆုံးရောက်အောင် စီစဉ်နေကြောင်း ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးဦးသန်းထွန်းက ပြောသည်။

“ ရေမသန့်ရှင်းလို့ဖြစ်တယ်ဆိုတာကြောင့် ပထမဆုံးအနေနဲ့ ရေသန့်တွေဘူးတွေကို အမြန်ဆုံးရောက်အောင် ပို့ပေးဖို့စီစဉ်နေတယ်။ နောက်တစ်ချက်က ကျန်းမာရေးဌာနကလည်း ကျန်းမာရေးဝန်ထမ်းတွေ အဲဒီရွာကို အမြန် ဆုံးရောက်အောင် ဆောင်ရွက်နေတယ်” ဟု ဆိုသည်။

ပေါက်တောကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းတွေကို လုပ်ပေးလျက်ရှိပြီး လက်ရှိ ရောဂါဖြစ်ပွားမှု လျော့နည်းသွားကြောင့် မင်းပြားမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နေဝင်းထွန်းက ပြောသည်။

“မနေ့က အထိရောဂါဖြစ်ပွားသူက အယောက်၂၀ လောက်ပဲရှိတယ်။ အရင်နေ့တွေကဆိုရင် တစ်ရက်မှာ ၆၀၊ ၇၀ အဲလောက်အထိတောင်မြင့်တက်ခဲ့တယ်။ ဒီစာရင်းတော့ မတက်သေဘူး။ တဖြည်းဖြည်းတော့ ကျလာတယ်” ဟု ပြောသည်။

ယခင် ရောဂါဖြစ်ပွားသည့် လူနာများမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်လာကြောင်း ဒေါက်တာ နေဝင်းထွန်းက ဆက်လက်၍ ဆိုသည်။

လက်ရှိတွင် ကိုဗစ်ဖြစ်ပွားမှုရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဌာမှ လမ်းညွှန်ချက်များနှင့် အညီနေထိုင်ရန်၊ ဝမ်းပျက်ဝမ်းလျောရော တစ်ကိုယ်ရည်သန့်ရှင်းအောင်နေထိုင်ရန်နှင့် ဖြစ်ပွားလာပါက ကျန်မာရေးဌာနသို့ အချိန်မီသွားရောက်ကြရန် မြို့နယ်ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

https://www.facebook.com/dmgnewsagency/posts/2026890194130048

Leave a Reply

Your email address will not be published.