By Western News/ 2021 May 9
ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးရှိ ရာမောင်ဆိပ်ကမ်း၌ ဆိပ်ကမ်းကူးသည့် ဇက်(ရေယာဉ်)များမှာ မကြာခဏပျက်နေမှုကြောင့် ကားသမားများနှင့် ခရီးသည်များ အခက်ကြုံနေရကြောင်း စစ်တွေ-ရန်ကုန်ခရီးသွားလာနေသည့်သူများမှ ပြောသည်။
ယခုတစ်ပတ် မေလ ၇ ရက်နေ့ကလည်း ဆိပ်ကမ်း၌ရှိသော ဇက်ရေယာဉ်နှစ်ခု အနက်တစ်ခုမှာ စက်ချို့ယွင်းမှုဖြစ်၍ ကား ၅၀၀ ကျော်ခန့်ပိတ်မိနေပြီး ယနေ့ မေလ ၉ ရက်နေ့ နေ့လည်ခန့်လောက်ရောက်မှ ချို့ယွင်းနေသောဇက်ရေယာဉ်မှာ သယ်ယူပို့ဆောင်ရေးပြန်လည်လုပ်နိုင်ကြောင်း သိရသည်။
ရာမောင်တံတားအနီးမှနေထိုင်သူ ကိုအောင်မင်းခိုင်က “ဇက်ပျက်နေလို့ ၇ ရက်နေ့ကတည်းကကားတွေပိတ်မိနေတာပါ။ ပိတ်မိနေတဲ့ ကားအရေအတွက်ကတော့ ၅၀၀ ရာကျော်လောက်ရှိတယ်။ နဂိုကနှစ်စီးရှိတာ တစ်စီးကပျက်နေတော့ ခုလိုမျိုးပိတ်မိသွားတာပေါ့” ဟုဆိုသည်။
အဆိုပါရာမောင်ဆိပ်ကမ်းတွင် ရာမောင်တံတားအသစ်တည်ဆောက်နေသည့်အတွက် ဇက်ရေယာဉ်များဖြင့် ခရီး သည်များ၊ ကားများ၊ ကုန်စည်များကို တစ်ဖက်ကမ်းသို့ ကူးတိုးပုံစံဖြင့်ပို့ဆောင်ပေးနေရခြင်းဖြစ်သည်။
လွန်ခဲ့သော ၂၀၂၁ ခုနှစ် မတ်လကုန်းပိုင်း၌လည်း ယခုကဲ့သို့ဇက်(ရေယာဉ်)ပျက်နေမှုကြောင့် ကုန်တင်ကားနှင့် ခရီး သည်တင်ကားအမြောက်အမြား ရာမောင်ဆိပ်ကမ်း၌ပိတ်မိနေခဲ့သည်။
ယခုကဲ့သို့ ဆိပ်ကမ်းရှိဇက်(ရေယာဉ်)များမကြာခဏ ချို့ယွင်းမှုဖြစ်နေခြင်းကြောင်း ကားသမားများအနေဖြင့် အလွန်အခက်အခဲဖြစ်ရကြောင်း တာရှည်ခံမဟုတ်သည့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့်ကုန်တင်ကားများ ဆိုလျှင် ပို၍အခက်ကြုံရပြီး ခရီးသည်များအနေဖြင့်လည်း အချိန်ကုန်၊ ငွေပိုကုန်ကာ စိတ်ပင်ပန်းရကြောင်း ကားသမားကိုပေါက်စကဆိုသည်။
“ဇက်ပျက်နေရင် ကားသမားတွေအနေနဲ့ တော်တော်အခက်ကြုံရပါတယ်။ တာရှည်ခံမဟုတ်တဲ့ ကုန်တွေတင်လာ တဲ့ကုန်တင်ကားတွေဆိုပိုဆိုးပေါ့။ နောက်ပြီး ခရီးသည်တွေအနေနဲ့လည်း အချိန်ကုန်၊ ငွေကုန်၊ စိတ်ပင်ပန်း မှုတွေ ဖြစ်ရပါတယ်။”
တာရှည်ခံမဟုတ်သော ကုန်စိမ်းများဖြစ်ကြသည့် အသား၊ ငါး၊ ပုဇွန်၊ သစ်သီး၊ ငရုပ်သီးအစိမ်း၊ ဟင်းသီဟင်းရွက်စသည့် ကုန်စိမ်းများကို ရန်ကုန်-စစ်တွေ ၊ စစ်တွေ၊ ရန်ကုန် များအားနေ့တိုင်းပို့ဆောင်နေရ၍ ယင်းကဲ့သို့ ခရီးများကြန့်ကြာသည်အချိန်တွင် ပျက်စီးဆုံးရှုံးများဖြစ်ရကြောင်း ကုန်သည်များကပြောသည်။
ရာမောင်ဆိပ်ကမ်းရှိ ယခင်ကဆောက်လုပ်ခဲ့သော ရာမောင်တံတားဟောင်းမှာ ကြိုးခိုင်ခံ့မှုမရှိ၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှစ၍ ၂ နှစ်စီမံကိန်းဖြင့် တံတားသစ်စတင်ဆောက်လုပ်ခဲ့ရာ ယခု ၂၀၂၁ ခုနှစ် မေလ တွင် တံတားပြီးစီးမှု အခြေအနေမှာ ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်း ရှိနေပြီးဖြစ်သော်လည်း မည်သည့်အချိန်တွင်ဖွင့်လှစ်မည်ကိုမသိရသေးပေ။
https://www.facebook.com/westernnewsagency/posts/286745756465269