မင်းပြားမြို့နယ်တွင် စစ်ကျန်လက်နက်ကို အိမ်ကိုယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးဒဏ်ရာပြင်းထန်ရရှိ

By Western News/ 2021 May 7

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာရှိ ဒေါ်လှကျော်နုနေအိမ်အတွင်း မေလ ၇ ရက် ညနေ ၈ နာရီ‌ကျော်အချိန်ခန့်တွင် စစ်ကျန်လက်နက်တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာသား ၃ ဦးဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု ယင်းကျေးရွာသားများက Western News သို့ပြောသည်။

ဖြစ်စဉ်မှာ စပါးထားကျေးရွာနေ ဦးစိန်လှိုင်မှာ ယနေ့နံနက်ပိုင်းအချိန်ခန့်က ကျေးရွာအနီးရှိတောင်ပေါ်သို့သွားရာမှာ စစ်ကျန်လက်နက် တစ်လုံးကောက်ရရာကနေ နေအိမ်သို့ယူဆောင်လာပြီးနောက် ညနေ ၈ နာရီကျော်အချိန်ခန့်တွင် အဆိုပါလက်နက်ကြီးကျည်အား ထုကြည့်ရာ မှပေါက်ကွဲသွားခြင်းဖြစ်သည်ဟု စပါးထားကျေးရွာမှအုပ်ချုပ် ရေးမှုးဟောင်း ဦးဖြူလှကြီးက Western News သို့ပြောသည်။

“ ဦးစိန်လှိုင်က ဒီနေ့စောစောပိုင်းက တောင်ပေါ်ကိုသွားတယ်။ သူကတောင်ပေါ်က လက်နက်ကြီးကျည်တစ်လုံးကိုတွေ့လို့ နေအိမ်ကို ယူဆောင်လာတယ်။ ညနေပိုင်းလောက်မှာ သူယူလာတဲ့လက်နက်ကြီးကျည်ကို ထုကြည်တယ်။ ထုကြည့်တော့လက်နက်ကြီးကျည်က ပေါက်ကွဲသွားတာ။ ပေါက်ကွဲလို့ သူအပါအဝင် သူ့ရဲ့မိခင်နဲ့ အခြားတစ်ယောက်ပါဒဏ်ရာရရှိသွားတာ။ ဒဏ်ရာကပြင်းတယ်”ဟု ပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ ဦးစိန်လှိုင် ၊ မိခင်ဖြစ်သူဒေါ်လှကျော်နု၊ ဦးအောင်ကျော်ညွှန့်တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးစလုံးမှာ ခန္ဓာကိုယ်အနှံ့ အပြားတို့တွင် လက်နက်ကြီးစများထိခိုက်သွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ၎င်းတို့ ၃ ဦးကို မြောက်ဦး မြို့နယ် မြောင်းဘွေဆေးရုံသို့ ဆေးကုသမှုခံယူရန်အတွက် ပို့ဆောင်လိုက်သည်ဟုသိရသည်။

ပြီးခဲ့သည့်၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင်လည်း စပါးထားကျေးရွာအနီး လယ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသော မိုင်းသီးတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/285677539905424

Leave a Reply

Your email address will not be published.