ဘူးသီးတောင် စစ်ရှောင်စခန်းတခုတွင် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရ

By Irrawaddy/ 2021 May 21

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ၊ ဂန္ဓာရီ ကျောင်းတိုက် စစ်ရှောင်စခန်းမှ အမျိုးသမီးတဦးသည် ယမန်နေ့ (မေ ၂၀ ရက်) နေ့က အဓမ္မ ပြုကျင့်ခံရသဖြင့် ဘူးသီးတောင်မြို့နယ်ရှိ တောင်ဘဇာ နယ်ခြားစောင့် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထား ကြောင်း သိရသည်။

အဓမ္မ ပြုကျင့်ခံရသူမှာ အသက် ၂၇ နှစ်အရွယ် ခမီတိုင်းရင်းသူ တဦးဖြစ်ပြီး ၎င်းနေထိုင်သည့် စစ်ရှောင်စခန်းနှင့် ၁ မိုင်ခန့် အကွာတွင် မိခင်ဖြစ်သူနှင့်အတူ တောင်ယာခုတ်နေစဉ် အမည်မသိ အမျိုးသားတဦးက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရှောင်စခန်း၏ တာဝန်ခံ ဦးမောင်ကံက ပြောသည်။

ဦးမောင်ကံက“ဖြစ်တာက မနေ့က နံနက် ၈ နာရီကျော်လောက်မှာ ဖြစ်တာ။ သူ့အမေနဲ့ တောင်ယာခုတ်ကြတယ်။ သမီးက သစ်ပင်ရိပ်တခုမှာ ခဏအရိပ်ခိုနေစဉ်မှာ အမျိုးသားတဦးက အဓမ္မပြုကျင့်တာလို့ ကာယကံရှင်က ထွက်ဆိုတယ်။ သမီး ဖြစ်သူ အော်သံကိုကြားလို့ အမေလိုက်သွားတဲ့အခါ အဲဒီလူ ထွက်ပြေးသွားတယ်လို့ ကျနော်တို့ကို ပြောပြတယ်”ဟု ပြောသည်။

ထိုသို့ အဓမ္မပြုကျင့်သူမှာ မည်သူ၊ မည်ဝါဖြစ်ကြောင်းကို မသိရှိသော်လည်း သူမအနေဖြင့် မျက်နှာမြင်လျှင် မှတ်မိကြောင်း ယင်း စစ်ရှောင်စခန်းရှိ မိသားစုဝင်များက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ဘဇာ နယ်ခြားစောင့်ရဲစခန်းအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ထားပြီး တရားခံ ဖမ်းဆီးနိုင်ရေး စုံစမ်းမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ပြောသည်။

တောင်ဘဇာ ရဲစခန်းမှ ရဲအရာရှိတဦးက“ကျနော်တို့ဘက်ကတော့ အမှုဖွင့်ပြီး ကျူးလွန်တဲ့သူကို စုံစမ်းတုန်းပဲ ရှိသေးတယ်။ ကျူးလွန်သူက ဘင်္ဂါလီတဦးလို့တော့ သူက ထွက်ဆိုထားတာ ရှိတယ်။ ဒါပေမယ့် သူကိုယ်တိုင်လည်း အမည်မသိ၊ နေရပ် မသိ၊ မျက်နှာမြင်ရင် မှတ်မိတယ်ဆိုတာလောက်ပဲ ရှိတယ်”ဟု ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ တောင်ဘဇာ နယ်ခြားစောင့် ရဲစခန်းမှ ပ/၅/၂၀၂၁ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ် ထားကြောင်း သိရသည်။

ထိုသို့ ခမီ တိုင်းရင်းသူ အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံမှုနှင့်ပတ်သက်၍ ကျူးလွန်သူ တရားခံကို ဖော်ထုတ် ဖမ်းဆီးပေး စေချင်ကြောင်း စစ်ရှောင်စခန်း၏ တာဝန်ခံ ဦးမောင်ကံက ပြောသည်။

၎င်းက“ကျနော်တို့ မျိုးနွယ်စု ခမီတိုင်းရင်းသားတွေက အထက်မှာ အားကိုးမယ့်လူလည်း မရှိဘူး။ ဒီလို အစော်ကားခံရတဲ့ အပေါ် ကျနော်တို့ တော်တော်ခံစားရတယ်။ သက်ဆိုင်ရာတွေကလည်း ထိထိရောက်ရောက် ကိုယ်တွယ်စေချင်တယ်။ အခု တရားခံ မမိသေးဘူး။ စုံစမ်းတုန်းလို့ ပြောတယ်။ ကျနော်တို့ ဖြစ်စေချင်တာက ကျူးလွန်သူကို ဖော်ထုတ်ပြီး အပြစ်ပေးစေ ချင်တယ်”ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကလည်း ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များအပေါ် အားမရကြောင်း ပြောသည်။

ဦးအောင်သောင်းရွှေက“ကျနော်အမြင်ကတော့ ဒေသခံ ရွာသားတွေ တောထဲသွားရင်း အသတ်ခံရတာ ရှိတယ်။ ငါးရှာ သွားရင် ပျောက်ဆုံးသွားတယ်။ နောက်ပိုင်း အလောင်းတွေ့တယ်။ တခါမှ တရားခံကို ဖော်ထုတ် ဖမ်းဆီးရမိတာ မတွေ့ ရဘူး။ ဒီအမှုလည်း ဒီလိုပဲ စုံစမ်းရင်း တဖြည်းဖြည်း ပျောက်သွားမယ် ထင်တာပဲ”ဟု ပြောသည်။

ယခုလ မေလ ၁၅ ရက်နေ့ကလည်း မောင်တောမြို့နယ် ရန်အောင်ပြင်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးမောင်ဘုဆိုသူမှာ အနီးဝန်ကျင် ကျေးရွာများသို့ သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ပြီး မေလ ၂၀ ရက်နေ့တွင် ၎င်းကျေးရွာနှင့် ၁ မိုင်ခန့် အ ကွာ တောစပ် တနေရာတွင် ဒဏ်ရာများနှင့် သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့သည်။

ဘူးသီးတောင်မြို့ ၊ ဂန္ဓာရီ ကျောင်းတိုက် စစ်ရှောင်စခန်းသည် မြန်မာစစ်တပ်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား တိုက်ပွဲ များ ပြင်းထန်ခဲ့သည့် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် စခန်းတခု ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/theirrawaddyburmese/posts/4509821412395309

Leave a Reply

Your email address will not be published.