By Narinjara/ 2021 May 24
ချစ်အိလှိုင်
ယခုဘင်္ဂလားပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် “Yaas” ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခရီးသည်တင်ရေယာဉ်များ၊ ငါးဖမ်းလှေများ သွားလာခွင့်ကို ယာယီရပ်နားထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ပင်လယ်ပြင်ငါးဖမ်းသင်္ဘောများအပါအဝင် ကမ်းရိုးတန်သွာ ရေယာဉ်အားလုံးကိုလည်း မုန်တိုင်းသတိပေးစာ ထုတ်ပြန်ထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအေးမြင့်မောင်ကပြောသည်။
“ ပင်လယ်ဖြတ်ရတဲ့ ရေယာဉ်လိုင်းတွေကတော့ အားလုံးနားကြပြီဗျ။ အခုလောလောဆယ်တော့ မုန်တိုင်းအခြေအနေ ကို အချိန်နဲ့တပြေးညီပို့ပေးနေပါတယ်။ အန္တရာယ်ရှိတော့လေ။ ခရီးသည်တင် ရေယာဉ်လိုင်းတွေကတော့ အရေးကြီးတယ်လေ။ ပင်လယ်ဖြတ်သန်းတဲ့ ရေယာဉ်လိုင်းတွေကို ကျွန်တော်တို့ ပိတ်ထားလိုက်ပါပြီ။ ဘယ်နေ့အထိတော့ ပြောလို့မရဘူး။ မိုးလေဝသအခြေအနေအရပေါ့” ဟုပြောသည်။
ရခိုင်ပြည်နယ်မှ အမြန်ရေယာဉ်လိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန် ခရီးသည်တင်ရေယာဉ် အပါအဝင် အမြန်ရေယာဉ်လိုင်းအားလုံးရပ်နားလိုက်ပြီဟု ရွှေပြည်တန်ရေကြောင်းပို့ဆောင်ရေး မန်နေဂျား ဦးစံမော်သိန်းက ပြောသည်။
“ ကျွန်တော်တို့ ဒီနေ့မနက်ကစပြီးတော့ အကုန်လုံးကို ရပ်နားလိုက်ပါပြီ။ ဘယ်နေ့ထိဆိုတာက ဒီနေ့နဲ့ မနက်ဖြန်ကတော့ သေချာပေါက်နားရမှာပါ။ နောက်နေ့တွေကတော့ မုန်တိုင်းအခြေအနေအရပါပဲ” ဟုပြောသည်။
ဘူးသီးတောင်မြို့သို့ပြေးဆွဲသည့် မလိခ အမြန်ရေယာဉ်လိုင်းကိုလည်း ယနေ့ နံနက်မှစ၍ ပိတ်ထားလိုက်ပြီဟု အဆိုပါ ရေယာဉ်လိုင်းတာဝန်ခံ ကိုအောင်ကိုလင်းကပြောသည်။
ယနေ့ (၂၄-၅-၂၀၂၁) မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ယာစ်(Yaas)”သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ပုသိမ်(Pathein)မြို့၏ အနောက်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မြန်မာနိုင်ငံ မိုးဇလမှ သတင်းထုတ်ပြန်ထားသည်။
https://www.facebook.com/narinjara.info/posts/4346743575337686