ပေါက်တော ဆင်တက်မော်ကျေးရွာတွင် လှိုင်းပုတ်၍ကမ်းထိန်းနံရံပြိုကျရာက လူနေအိမ်များစိုးရိမ်စရာဖြစ်နေ

By Narinjara/ 2021 May 25

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာတွင် လှိုင်းပုတ်မှုကြောင့် ယနေ့ နံနက်ပိုင်းက ကမ်းထိန်းနံရံ ပြိုကျသွားသဖြင့်  ကမ်းအနီးရှိ နေအိမ်များအနေဖြင့် စိုးရိမ်စရာ ဖြစ်နေကြာင်း သတင်းရရှိသည်။

ကမ်းထိန်းနံရံ ပြိုကျသွား၍ ကမ်းပါးလည်း ပြိုကျနေ၍ အိမ်ခြေ ၄၀ ခန့်မှ မိသားစုများမှာ နေထိုင်ရအခက်ခဲများဖြင့် ကြုံတွေ့နေရကြောင်း ဆင်တက်မော်ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်ဌေးက ပြောသည်။

“နေအိမ် လေးဆယ်လောက် အခက်ခဲနဲ့ ကြုံနေရပါတယ်။ အဲဒီကမ်းထိန်းနံရံက ဒီနေ့ ပျက်စီး သွားတာဆိုပေမယ့် မနက်ဖြန်ဆိုရင် အခုထက်ပိုပြီး ပျက်စီးဦးမှာပါ။ အခုက ရာသီဥတုလည်း မကောင်းတော့ လှိုင်းက ပုတ်နေမှာပဲပေါ့။ အခု အခက်ခဲဖြစ်နေတဲ့ နေအိမ်တွေမှာက ကလေးငယ်တွေနဲ့ဆိုတော့ ညဘက်ရောက်ရင် လှိုင်းပုတ်ပြီး ထပ်ပြိုလာရင် ဒုက္ခတွေ့မှာကို စိုးရိမ်နေရပါတယ်။ လေကလည်း အရမ်းတိုက်နေတယ်လေ” ဟု ပြောသည်။

၎င်းပြင် စက်လှေငယ်အချို့မှာလည်း လှိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

ယင်း ကမ်းထိန်းနံရံကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ရေအရင်းအမြစ်နှင့် မြစ်ချောင်းအင်းအိုင် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေကျပ်သိန်း ၁၅၀၀ အကုန်ကျခံကာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ကမ်းထိန်းနံရံမှာ အလျားပေ ၁၂၀၀ ခန့်နှင့် အနံ ၁၀ ပေ ခန့်ရှိကြောင်း ဆင်တက်မော်ကျေးရွာမှ ဒေသခံ ကိုသန်းနိုင်က ပြောသည်။

“အိမ်ယာမြေတွေ ပျက်စီးသွားတယ်။ လမ်းတွေလည်း ပျက်စီးသွားတယ်။ ကမ်းထိန်းနံရံက ပျက်သွားပြီးတော့ ရွာဘက်ကို ပြိုကျနေတာ။ အဲဒီမှာ လှိုင်းရေတွေက ရွာဘက်ကို အဲဒီနံရံကိုကျော်ပြီး ဝင်လာတာပေါ့။ လုပ်ထားတာကတော့ ဘိလမ်မြေတွေ ကျောက်တွေနဲ့၊ ကျောက်တွေကို အဆင့်ဆင့် လုပ်ပြီးတော့ လုပ်ထားတာပေါ့။” ဟု ပြောသည်။

လက်ရှိတွင် ယင်းကမ်းထိန်းနံရံ၌ အလျားပေ ၆၀၀ ကျော်ခန့်  လှိုင်းဒဏ်ကြောင့် ပြိုပျက်နေပြီ ဖြစ်ကြောင်း ကိုသန်းနိုင်က ပြောသည်။

https://www.facebook.com/narinjara.info/posts/4350289874983056

Leave a Reply

Your email address will not be published.