By Narinjara/ 2021 May 30

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် အစိုးရက ထောက်ပံ့ပေးသည့် ဆန်မရောက်သည်မှာ (၂) လခန့်ရှိနေပြီဖြစ်သဖြင့် စခန်းတစ်ခုလုံး အငတ်ဘေးကျရောက်မည့် အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ် မတ်လအတွက် ဆန်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး ယင်းနောက်ပိုင်းတွင် တစ်ကြိမ်မှ မရောက်ရှိတော့ဟု ဆိုသည်။
“ အခုက မေလကုန်တော့မယ်။ ဧပြီလအတွက် ဆန်က ဒီကနေ့ထိ မရောက်သေးဘူး။ ပြောရမယ်ဆိုရင် ဧပြီလအတွက်ရော၊ မေလအတွက်ပါ မရောက်သေးဘူး။ ဒီနေ့ဆိုရင် မေ ၃၀ ရက်ရှိသွားပါပြီ။ တော်တော်ကြီးကို အခက်အခဲဖြစ်နေကြပါပြီ။ ဒီအတိုင်းဆိုရင် ငတ်နိုင်သွားနိုင်ပါတယ်” ဟု စခန်းတာဝန်ခံ ဦးကျော်သန်းက ပြောကြားသည်။
ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် လူ ၈၂၀ ဦးရှိပြီး အစိုးရ လူမှုရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့သည်ဆန်ကို အဓိက အားကိုမှီခိုနေရသည်ဟု ပြောဆိုသည်။
“ အခုက ဆန်လည်း မရောက်ဘူး။ဒါ့အပြင် မိဖိုချောင်သုံး ရိက္ခာတွေဖြစ်ကြတဲ့ ဆီ၊ ဆား၊ ငရုတ် ဘာတစ်ခုမှ မရောက်ဘူး။ အခက်အခဲက အကြီးအကျယ်ကြုံနေရပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ သာစည်၊ ကျောက်ဆိပ်၊ ဒိုးတန်း၊ ပိန္နဲတောကျေးရွာတို့နှင့် ပလက်ဝမြို့နယ်မှ မီးလက်ဝ၊ နမ္မဒါကျေးရွာတို့မှ စစ်ဘေးရှောင်များ အိမ်ထောင်စု ၂၀၅ စုနှင့် လူပေါင်း ၈၂၀ လက်ရှိ နေထိုင်နေကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4365942680084442