ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် ရသေ့တောင်မှလိုင်းကားများ ဖြတ်သန်းခွင့်မပြုသဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေရဟုဆို

By Narinjara/ 2021 May 19

ချစ်အိလှိုင်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်နှစ်ခုကို ဆက်သွယ်ထားသည့် ကားလမ်းတွင် ရသေ့တောင်မှ လိုင်းကားများကို စစ်တပ်က ဖြတ်သန်းခွင့်မပြုသဖြင့် ကာသမားများအနေဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေကြကြောင်း သတင်းရရှိသည်။

အဆိုပါကားလမ်းကို ဒေသမတည်ငြိမ်မှုကြောင့် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ရာမှ ၂ဝ၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြန်လည် သွားလာခွင့် ပြုပေးခဲ့သည်။

သို့ရာတွင် ဧပြီလ ၂၉ ရက်နေ့မှစ၍ ရသေ့တောင်မြို့ဘက်မှ လာသည့် မည်သည့် လိုင်းကားကိုမဆို ဖြတ်သန်းခွင့်မပေးတော့ကြောင်း ဒေသခံ ကားသမားများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရသေ့တောင်မြို့မှ စစ်ဘေးရှောင်လည်ဖြစ်၊ အငှားယာဉ်မောင်းလည်း ဖြစ်သူ အမည်မဖော်လိုသူတစ်ဦးက  “ ကျွန်တော်တို့ ပုဏ္ဏားကျွန်းကို သွားရင် ခွင့်ပြုချက်တောင်းရပါတယ်။ အဲဒီလမ်းမှာ လုံခြုံရေးတာဝန်ယူနေတဲ့ တပ်မ(၂၂) က ဗိုလ်မှူးဆိုတဲ့လူက ရသေ့တောင်ကကားဆိုရင်တစ်စီးမှ မလာနဲ့ကွာလို့ ပြောပါတယ်။ ပုဏ္ဏားကျွန်းက ကားတွေဆိုရင်လာလို့ ရပါတယ်။ မှတ်ပုံတင်စစ်လို့ ရသေ့တောင်ကဆိုရင် မဖြတ်ရတော့ဘူး။ တိုက်ပွဲမရှိ အေးချမ်းနေတဲ့အချိန်မှာတော့ အလုပ်လေးတော့ လုပ်ချင်တာပေါ့ဗျာ။ ဘာလို့လည်းမသိတော့ဘူး” ဟုပြောသည်။

ရသေ့တောင်မြို့နှင့် စစ်တွေမြို့အကြား ကုန်စည်ကူးသန်း ရောင်းဝယ်ရန် ပိုလွယ်ကူသည့် အဆိုပါကားလမ်းကို ပြည်သူများ အားထားခဲ့ကြသော်လည်း လက်ရှိတွင် ရေလမ်းကြောင်းဖြင့်သာ သွားလာနေရသဖြင့် မလိုအပ်ဘဲ ကုန်ကျစရိတ်နှင့် အချိန်ကုန်နေရသည်ဟု  ရသေ့တောင်မြို့မှ လူမှုရေးလုပ်ငန်းများ ကူညီလုပ်ကိုင်ပေးနေသူ ကိုကျော်မင်းခိုင်ကပြောသည်။

“ ကျွန်တော်တို့ လမ်းခရီးမြန်မြန်ရောက်ဖို့ဆိုရင် ဒီကားလမ်းကို အားထားရကြတာပါ။ ရသေ့တောင်က ယာဉ်မောင်းတဲ့လူတွေလည်း အလုပ်မရှိကြတော့ဘူး။ အတော်အခက်အခဲဖြစ်နေကြတယ်။ ပြီးတော့ ကျန်းမာရေးမကောင်းလို့ စစ်တွေကို အရေးပေါ်သွားရမယ့် လူနာတွေရှိရင်လည်း ကားလမ်းက ဖြတ်ခွင့်မရတော့ အခက်အခဲရှိတာပေါ့။ ဒါကို သက်ဆိုင်ရာကလည်း ဂရုစိုက်ကူညီပေးစေချင်တယ်။” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်သို့ ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

https://www.facebook.com/narinjara.info/posts/4331861826825861

Leave a Reply

Your email address will not be published.