ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာအနီးတွင် မိုင်းပေါက်ကွဲ၍ ဒေသခံတစ်ဦးသေဆုံး

By Western News/ 2021 May 3

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာအနီးတွင် မေလ ၃ ရက်နေ့ ယနေ့ နံနက် ၇ နာရီအချိန်က မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ဒေသခံတစ်ဦးသေဆုံးခဲ့ကြောင်း ကျေးရွာဒေသခံများက ပြောသည်။

သေဆုံးသွားသူမှာ ပိန္နဲတောကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဦးခင်မောင်အေးဖြစ်ပြီး ၎င်းမှာ ယနေ့နံနက် ၇ နာရီအချိန်က ရွာအနီးရှိ ဆင်အင်းတောင်သို့ တစ်ယောက်တည်းထင်းခုတ်ရန်သွားစဉ် မိုင်းထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပိန္နဲတောကျေးရာဒေသခံ တစ်ဦးဖြစ်သည့် ကိုမောင်သန်းအောင် Western News ကိုပြောသည်။

“သူက မနက် ၇ နာရီလောက်က ရွာအနီးမှာရှိတဲ့ ဆင်အင်းတောင်ကို ထင်းခုတ်ဖို့သွားတာ။ ဆိုတော့ မိုင်းပေါက်သံလဲကြားတော့ သူကလဲ မွန်းတည့် ၁၂ နာရီထိုးပြီ ရောက်မလာဘူးဆိုတော့ ရွာသားတွေစုပြီးသွားရှာကြတယ်။ သူ့အလောင်းကိုတော့ ညနေ ၃ နာရီလောက်မှာရှာတွေ့တယ်။ တွေ့တော့ သူ့မှာဘယ်ဖက်ခြေဒူးဆစ်အောက်က ပြတ်ထွက်ပြီးတော့တွေ့တယ်။ အသက်လဲမရှိ တော့ဘူး”ဟုပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပိန္နဲတောကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးအေးထွန်းစိန်ကလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံတစ်ဦးသေဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်း Western News ကို အတည်ပြုပြောဆိုသည်။

“ဟုတ်ပါတယ်။ မိုင်းထိပြီးသေဆုံးသွားတယ်။ ဒီနေ့ ညနေ ၄ ရီလောက်က အဲဒီတောင်မှာပဲ သင်္ဂြိုလ်လိုက်တယ်”ဟုပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဆင်အင်းတောင်မှာ ပိန္နဲတောကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးပြီး တောင်အနီးတစ်ဝိုက်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး တပ်မတော်သားများလည်း အဆိုပါတောင်အနီးတွင် စခန်းချနေထိုင်မှုများရှိခဲ့ကြောင်း ဒေသခံကျေးရွာသားများကပြောသည်။

ရခိုင်တွင်၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့်အရပ်သား သေဆုံး သူ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC)၏မှတ်တမ်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/283102136829631

Leave a Reply

Your email address will not be published.