ပုဏ္ဏားကျွန်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ၁၀ ဦးထက် မနည်းဒဏ်ရာရ

By Development Media Group (DMG)/ 2021 May 5

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာနှင့် အောင်ဖြူပြင်ကျေးရွာအကြားတွင် ယနေ့ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် အမည်မဖော်လိုသူတစ်ဦးက “ကျနော်တို့က မြောက်ဦးကနေ လာတာ။ ယိုးတရုတ်လွန်ပြီး သရက်ချိုကျေးရွာနားမှာ မြေကုန်းနဲ့အကွေ့နေရာမှာ တစ်ဖက်ကားကိုလည်း ကျနော်တို့မမြင်နိုင်ပါ။ အဲဒီကားကလည်း စစ်တွေ-ပုဏ္ဏားကျွန်းဖက်က လာတာထင်တယ်။ အဲဒီကားက ကျနော်တို့ကားနဲ့ ရှေ့တည့်တည့်လာတာ။ ကျနော်တို့ကတော့ ကိုယ်လမ်းကိုသွားနေတာပါ။ အဲဒီမြေကုန်းနဲ့ အကွေ့နေရာမှာတိုက်မိတာ” ဟု ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကားနှစ်စီးမှာ ဦးခေါင်းပိုင်းပြိုပျက်သွားခဲ့ပြီး ယာဉ်မောင်းအပါအဝင် ကားပေါ်လိုက်ပါ လာသူများမှာလည်း ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြခြင်းဖြစ်သည်။

လူနာများအားကူညီပေးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းမှ ယာဉ်မောင်းတာဝန်ခံ ကိုမောင်မောင်သန်းက “လူနာကတော့ စစ်တွေကိုကျနော်တို့အဖွဲ့ရဲ့ကားနဲ့ စုစုပေါင်း ၇ယောက်ပါတယ်။ ဖြစ်တာကတော့ အတိအကျတော့ပြောလို့မရဘူး။ လိုင်းကားနဲ့လည်း စစ်တွေဆေးရုံကို ၂ ယောက်ပါသွားတယ်။ ကားတိုက်တဲ့နေရာမှာပဲ တစ်ယောက်သေသွားတယ်။ အဲဒါကိုနာရေးကားနဲ့ ယိုးတရုတ်ကိုပို့လိုက်ရပါတယ်” ဟု ပြောသည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးသူတစ်ဦးရှိကြောင်း ပြောဆိုကြသော်လည်း မည်သူမည်ဝါဖြစ်သည်ကို လတ်တလောတွင် မသိရသေးပေ။

နောက်ထပ်ကူညီပေးနေသူတစ်ဦးဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုအောင်ထွန်းသိန်းက “ဒဏ်ရာပြင်းထန်တဲ့ သူတွေကတော့ အားလုံး ၄ ယောက်ပါတယ်။ အဲဒီအထဲမှာတော့ မိန်းကလေးတစ်ဦးပါတယ်။ ဒဏ်ရာရရှိသူတွေ ကတော့ အားလုံး ၁၀ ယောက်ပါ။ တစ်ယောက်တော့ ကားတိုက်မှုဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားပါတယ်” ဟု ပြောသည်။

ဒဏ်ရာရရှိသူ ၉ ဦးခန့်မှာ ယနေ့ ည ၉ နာရီခန့်တွင် စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိလာပြီး ဆေးကုသမှု ခံယူလျက်ရှိသည်။

https://www.facebook.com/dmgnewsagency/posts/2006452439507157

Leave a Reply

Your email address will not be published.